Wednesday, April 20, 2016

ကျွန်တော်တို့မြို့လေး (သို့) သုံးမည်ရ ရေစကြို

ကျွန်တော်တို့မြို့လေး (သို့) သုံးမည်ရ ရေစကြို


တည်နေရာ >>>
မြောက်လတ္တီတွဒ် (၂၁) ဒီဂရီ (၀၈) မိနစ်  မှ (၂၁) ဒီဂရီ (၅၁)မိနစ် (၄၅)စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၀၁) မိနစ် (၄၅)စက္ကန့် ၊ (၉၅)ဒီဂရီ (၂၀)မိနစ် (၂၀)စက္ကန့် အကြားတွင် တည်ရှိပါသည်။ရန်ကုန်မြို့မှ မြောက် (၁၀) ဒီဂရီ နှင့် မျဉ်းဖြောင့် (၃၅၀) မိုင်တွင် တည်ရှိသည်။

နယ်နိမိတ် >>>
အရှေ့ဘက်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ်။
အနောက်ဘက်တွင် မကွေးတိုင်း မြိုင်မြို့နယ်။
တောင်ဘက်တွင် ပခုက္ကူမြို့နယ်။
မြောက်ဘက်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်
တို့ အကြားတွင်တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင် >>> ထူးခြားသည့်မြေနိမ့်ချိုင့်ဝှမ်းလွင်ပြင်များမရှိဘဲ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၀) ပေတွင်တည်ရှိသည်။

သမိုင်းအကျဉ်းအနေနှင့် -
မြန်မာသက္ကရာဇ် (၂၂၇) တွင် ပုဂံပြည် သိမ်းခိုမင်း၏ သားတော်များဖြစ်ကြသည့် စည်သူနှင့်ကျော်စွာ မင်းသားနှစ်ပါး ရေစကြိုမြို့သို့ရောက်ရှိစဉ် စပါးသီးနှံအဓိကထားစိုက်ပျိုးနိုင်စေရန် ဒေသအခြေအနေ အရ ရေလုံလောက်စွာရရှိအောင် သလ္လာဝတီမြစ် ခေါ် ချင်းတွင်းမြစ် မြစ်ဆုံဝမှ ရေသွင်းတူးမြောင်းများဖောက်၍ ရေကိုရရှိအောင်အသုံးပြုခဲ့ကြသည်။ ရေကိုစတင် ကြို ယူခဲ့သောအရပ်ကို ရေ - စကြို အရပ်ဟုလူသိများလာပြီး ထိုအရပ်ရှိရွာငယ်လေးများကိုလဲ ရေစကြိုရွာဟုခေါ်ဝေါ်လာကြသည်။နောင်တွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အနယ်နယ်အရပ်ရပ်မှ ပြောင်းရွေ့မှီခိုလာကြခြင်းနှင့် ကိုလိုနီခေတ် ၊ အင်္ဂလိပ်ခေတ်တို့တွင် ချင်းတွင်းမြစ်ကြောင်းဆက်သွယ်မှုအဓိကထား၍ ရေစကြိုမြို့တွင် မြို့ပိုင်ရုံးစိုက်လျက် မြို့သတ်မှတ်ခဲ့သည်။
စည်သူ နှင့် ကျော်စွာ မင်းသားနှစ်ပါး မရောက်မီ အချိန်ကတည်းက မဟာဂါမ ဟူသောရွာကြီးအမည်ဖြင့် တည်ရှိခဲ့ရာမှ ထိုမင်းသားနှစ်ပါးရောက်ရှိပြီး စိုက်ပျိုးရေ အတွက် တူးမြောင်းသွယ်ယူ ဖောက်လုပ်ခဲ့၍    မြောင်းတူးရွာ ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြသည်။ ထိုမှ ရေများကို စတင် ကြိုယူခဲ့သောကြောင့် ရေ စကြို အရပ်ဟုပြောင်းလဲခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
 ထို့ကြောင့် . မဟာဂါမ ၊ မြောင်းတူးရွာ ၊ ရေစကြို ဟူ၍ သုံးမည်ရ အမည်တွင်လေသည်။



Credit - ​ရေစကြို သတင်းမီဒီယာ

No comments:

Post a Comment