Sunday, April 10, 2016

ရှင်မရွာပြန် - (တင်မိုး)

ရှင်မရွာပြန် - (တင်မိုး)
==============

တို့တနောင်းပင်၊ ပျို့မောင်းစင်သို့
ရှင်မပြန်မှ ပြန်ပါစ။

ကြက်တက်ရွက်သုပ်၊ လက်ဖက်ကြုတ်နှင့်
ဆွမ်းအုပ်ပို့မှ ပို့ပါစ။

ကင်းပုံးသီးချူ၊ ဆီးဖြူသီးဆွတ်
သခွပ်ပင်ရင်း၊ ခြေလက်ခင်း၍
သီချင်းဆိုမှ ဆိုပါစ။

ရှင်မရုပ်သွင်၊ ဘူတာစဉ်၌
ဝင်ချည်ထွက်ချည်၊ မြင်လိုက်သည်တဲ့။

ငါးပိတစ်ခြင်း၊ ဆန်တစ်တင်းနှင့်
သင်္ဘောဆိပ်နား၊ ဂိုဒေါင်းကြား၌
သွားချည်လာချည်၊ မြင်လိုက်သည်တဲ့။

ခံတောင်းတခြား၊ လူတခြားနှင့်
လူကြားငုတ်တုတ်၊ မျက်ရည်သုတ်လျက်
အချုပ်ခန်းတွင်း၊ ဂတ်တဲဝင်း၌
ဆင်းချည်တက်ချည်၊ မြင်လိုက်သည်တဲ့။

ထနောင်းမသင်း၊ မောင်းမနင်း၍
ရောင်းရင်းတို့ရွာ၊ ပျင်းတော့မှာဟု
အရုဏ်တက်တွင်၊ ရွာကိုဝင်သော်
ရွာလျှင် ရှင်မ တွေ့ပါစ။

(တင်မိုး)
၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် သင့်ဘ၀မဂ္ဂဇင်း။


No comments:

Post a Comment