Tuesday, June 28, 2016

အမိမြေ အဖမြေ

အမိမြေ အဖမြေ
____________

ရှင်မတောင် တောင်ညိုရိပ်
ထန်းညိုရိပ် တဝေဝေ။

ယုန်လိုက်သံ တောသံဟစ်
ကျောက်စရစ်မြေ။

တောလမ်းက ကွေ့ကာခွေ
တောခြေက ကောက်ကာကွေ့။

လှည်းတန်းတအီအီနဲ့
မြေနီနီတမာတန်း
လွမ်း၍မမေ့။

မုန်ညင်းက အမေ့ရွာ။
အဖေ့ရွာ မြေဖြူကျေး
သွေးချင်းများစွာ။

ထန်းလျက်ခဲရယ်နဲ့
မြေပဲလှော်တဆုပ်စာ
မာပါစ နှုတ်ခွန်း။

မြေဖြူရွာ ကြာကန်၌
ရွာသံအလွန်စည်တဲ့
ညနေရီ ရေချိုခပ်ချိန်ဖြင့်
လွမ်းတတ်လို့လွမ်း။

ချင်းတွင်းမြစ်ကမ်းပေါ်တွင်။
ရေစကြို နေညိုညို
မြို့ကစည်ပင်။

မြို့ဆိပ်ကမ်း မော်တော်ဝင်
မြစ်ပြင်က မြသင်ဖျူး။

ကမ်းပေါ်မှာ ဖောင်တော်ဦး
မြို့ဝက်ကဖူး။

အမိမြေ အဖမြေ
လက်ယက်မ လင်းကတော
သာမောသည့် မအူတခို
ရေစကြိုနယ်အစုံ၌
ဆွေစုံမျိုးစုံတင့်
ပန်းပွင့်သို့ဝေ။

နံ့သာမြေဌာနေကျောင်းဆီက
ဖြည့်လောင်းခဲ့ ပညာရေ
ချိုပေစွတကား။

ချစ်သော နံ့သာမြေ၏
ကျေးဇူးတွေ အာရုံပြုပါခဲ့
နယ်မြေမှာ ကြွယ်စေသမှုငဲ့ပြင်
ဇေယျတု လိုရာအောင်လို့
ရှင်မတောင် ရနံ့မွှေးသည့်နှယ်
မွှေးကြစေသား။

တင်မိုး
နံ့သာမြေ မဂ္ဂဇင်း
၁၉၇၅

No comments:

Post a Comment