Sunday, June 14, 2015

ထန်းလျက်​ရနံ့တို့ သင်းပျံ့​စေသူများ

မနေ့ကရွာထားသည့်မိုးကြောင့် မြင်ကွင်းတစ်ခုလုံးသည် စိမ်းမြလို့နေပါတယ်။ ကန်သင်းရိုးပေါင်ပေါ်ကနေ ကောင်းကင်ဆီကို ထိုးထွက်နေသည့် ထန်းပင်တို့၏ ထန်းရွက်တို့သည် ရွာသွန်းထားသည့်မိုးကြောင့် ဖုန်မှုန့်တို့ ကင်းစင်ကာ စိမ်းစိမ်းစိုစို ရှိနေတဲ့ မြင်ကွင်းဟာ ရှုမငြီးနိုင်တဲ့ ပန်းချီကားလိုပါပဲ။ တိုက်ခတ်လာသော လေထဲတွင် ထန်းချက်ဖိုဆီက လွင့်ပျံ့လာတဲ့ ထန်းလျက်ရနံ့နဲ့အတူ မိုးနံ့သည်လည်း လေထုထဲမှာ သင်းပျံ့လို့နေပါတယ်။ ထန်းသမားမယားက ထန်းလျက်ဖိုထဲမှာ ထန်းလျက်ကျိုနေသလို ထန်းတက်သမားကလည်း ခါးတွင် ထန်းလှီးဓားချိတ်ထားပြီး ရင်းထောင်ကိုကိုင်ကာ တစ်ပင်ပြီးတစ်ပင် မြူအိုးတွေကို တင်လို့ချလို့ နေပြန်ပါတယ်။ ခုလိုရာသီမျိုး အညာအရပ်က ထန်းတောတွေဆီ ထန်းလျက်တို့ လှိုင်လှိုင်ထွက်နေသေးတဲ့ ထန်းဖိုရာသီ ဖြစ်ပါတယ်။ ထန်းရည်အထွက် ကောင်းနေသေးတာမို့ ထန်းတက်သမားတွေလည်း တစ်ပင်ပြီးတစ်ပင် မနက်ညနေ အပြေးအလွှား တက်နေရပါတယ်။ ထန်းလျက်ကြိုတဲ့သူကလည်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရသမျှ ထန်းရည်ကို ကျိုချက်ရပါတယ်။ နေ့ခင်းဘက် နားတယ်ဆိုတဲ့ အချိန်မှာလည်း သစ်ခေါက်လှီးတာ မြူအိုးမီးမြှိုက်တာတွေ လုပ်ရတော့ တစ်နေ့လုံးပါမှ ညဥ့်ဦးပိုင်းလောက်ပဲ ကောင်းမွန်စွာ နားရပါတော့တယ်။ 
 
စိမ်းမြနေတဲ့ ထန်းပင်တွေကြားထဲမှာ ထန်းတက်သမားက မနက်မလင်းခင်မှာဘဲ ထန်းလှီးဓား ခါးမှာချိတ်ပြီး ရင်းထောင်ကိုကိုင်ကာ ထန်းပင်တွေဆီ ထွက်လာပါတယ်။ ထန်းပင်ခြေရောက်တာနဲ့ ရင်းထောင်ကို ထန်းပင်မှာ ကြိုးနဲ့ချီပြီး အပင်အောက် အသင့်ရှိနေတဲ့ မြူအိုးတွေကိုယူကာ တက်သွားပါတယ်။ ရင်းထောင်အဆုံးနဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ ရင်းဆွဲနဲ့က အချိတ်အဆက်အမိမို့ ထန်းပင်ထိပ်ဖျားထိအောင် ဆက်တက်သွားပါတယ်။ ထန်းပင်ပေါ်ရောက်တာနဲ့ ထန်းလက်တွေကြားက လိုင်ထိုးပြီး အရင်တစ်နေ့က ချိတ်ထားတဲ့ ထန်းရည်အိုးတွေကိုဖြုတ်ပြီး နောက်အိုးသစ် လဲတပ်ပါတယ်။ ကလိုင်ဆိုတာက ထန်းပင်ပေါ်ရောက်ရင် ထန်းသမားထိုင်ဖို့ လုပ်ထားတဲ့ သစ်သားပြားကို ဆိုလိုတာပါ။ အိုးသစ်လဲပြီးတာနဲ့ ထန်းနို့ချောင်းထိပ်တွေကို လှီးဖြတ်ပြီး မြူအိုးဆီ စိုက်ထားခဲ့ပါတယ်။  အပင်ပေါ်က ပြန်ဆင်းလာပြီးနောက် ပါလာတဲ့ ထန်းရည်အိုးကိုချကာ နောက်တစ်ပင် ဆက်တက်ပါတယ်။ ထန်းသမားချထားပေးခဲ့တဲ့ ထန်းရည်အိုးတွေကို နောက်ကနေ မိသားစုတွေက လိုက်သိမ်းပြီး ထန်းလျက်ဖိုဆီ ယူဆောင်သွားကြပါတယ်။ ထန်းတက်သူကတက် နောက်က ထန်းရည်အိုးလိုက်သိမ်းသူ သိမ်းဆိုတော့ ထန်းတက်ရတာ ပိုပြီး မြန်ဆန်ပါတယ်။ ထန်းချက်ဖိုကို ရောက်တဲ့အချိန် ထန်းလျက်ချက်သူကချက်၊ အိုးဆေးသူက ဆေးကြရပါတယ်။ ထန်းဖိုရာသီက ထန်းသမားအတွက် တစ်နှစ်စာ စားနိုင်လောက်အောင် ထန်းရည်ရတဲ့ရာသီမို့ နေ့ညအလုပ်လုပ်ရပြီး အပင်ပန်းဆုံးပါ။ ထန်းမရာသီရောက်ရင်တော့ ထန်းရည်လည်း အထွက်နည်းသွားတာမို့ တက်ရတဲ့ အပင်အရေအတွက်လည်း နည်းသွားပြီး ထန်းလျက်ကိုလည်း မနက်တစ်ကြိမ်လောက်ပဲ ကျိုတော့တာမို့လည်း လူလည်း အတော်အသင့် သက်သာပါတယ်။ 

ထန်းတက်သမားတွေ အနေနဲ့ ထန်းဖိုရာသီမှာ ထန်းလှိုင်လှိုင်ရအောင် ထန်းပြင်ခြင်းအလုပ်ကို ထန်းရည်မရမီ နှစ်လလောက် အလိုကတည်းက လုပ်ကြရပါတယ်။ ထန်းပြင်တယ်ဆိုတာက ထန်းနို့ချောင်းထွက်မယ့် နေရာမှာ ပိတ်ဆို့နေတဲ့ ထန်းလက်ကိုင်းတွေကို ခုတ်ရတယ်။ ရင်းဆွဲလို့ခေါ်တဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ လှေကားတွေ ဆင်ရတဲ့အလုပ်ကို ထန်းပြင်တာလို့ ဆိုလိုတာပါ။ အများအားဖြင့် ပြာသိုလဆိုရင် ထန်းစပြင်ပါပြီ။ အဲဒီအချိန်မှာ ထန်းရည်မရသေးပါဘူး။ အဲဒီနောက် ဆောင်းကုန်စ တပို့တွဲလောက်မှ ထန်းရည်စရပါတယ်။ ထန်းနို့ချောင်းအထွက်စောရင် စောသလို ထန်းရာသီစတာလည်း စောပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်ထွက်သေးသရွေ့ ထန်းဖိုရာသီ မကုန်သေးဘူးလို့ ဆိုနိုင်ပါသေးတယ်။ ထန်းမချိန်ဆိုတာက ထန်းသီးကနေ ထန်းရည်ခံတဲ့ ရာသီလို့ ပြောနိုင်ပါတယ်။ ထန်းသီးလုံးလေးတွေ စထွက်ကတည်းက အသီးမကြီးအောင် ထန်းသမားက တူလိုအရာမျိုးနဲ့ ထန်းသီးတွေကို ထုထားရပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်မရတော့တဲ့ အချိန်မှာ အဲဒီထန်းသီးလုံးလေးတွေကနေ ထန်းရည်ခံယူရပါတယ်။ ထန်းဖိုရာသီရောက်ရင်တော့ ထန်းရည်အရနည်းတာကြောင့် ထန်းလျက်အထွက်နှုန်းလည်း နည်းသွားပါတယ်။ ထန်းသမား တက်လို့ရတဲ့ ထန်းရည်အိုးတွေကို ထန်းလျက်ဖိုမှာ စုပြီးတာနဲ့ ထန်းလျက်ကျိုသူလည်း မီးမွှေးပြီး ထန်းလျက်ဖိုပေါ် ဒယ်အိုးတွေတင်ကာ ထန်းစကျိုပါတော့တယ်။ ထန်းရည်တော်သင့်ရုံ စေးပျစ်တာနဲ့ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အပူမလျော့သေးခင် မညီမညာ အလုံးလေးတွေကို လုံးနေပါတယ်။ အေးသွားရင် ထန်းရည်က မာခဲသွားတာမို့ အပူမလျော့ခင် ထန်းလျက်လုံးရတာဖြစ်ပြီး လုပ်ကိုင်နေကျသူမို့သာ ထန်းလျက်အပူကို လက်နဲ့ကိုင်ပြီး လုံးနိုင်တာပါ။
 
ထန်းလျက်ကျိုရတာနဲ့ ပတ်သက်ပြီး “ထန်းလျက်ဖိုပေါ်မှာ ဒယ်အိုးလေးလုံးတင်ပြီး မီးနဲ့ဝေးတဲ့ အိုးကနေ မီးပြင်းတဲ့ အိုးဆီထိအောင် တစ်ဆင့်ပြီးတစ်ဆင့် လှယ်ရတယ်။ နောက်ဆုံးအိုးက ထန်းရည်ကို ညောင်စေးတန်းအောင် ကျိုပြီးတာနဲ့ အဲဒီဒယ်အိုးကို မီးဖိုပေါ်ကချရပြီး နောက်ဒယ်အိုးတွေကို လိုက်ရွှေ့ပြီး ကျိုရတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်လုပ်ရတော့ ပင်ပန်းပေမယ့် ဒီနှစ် ထန်းလျက်ဈေးလေး မဆိုးတော့ လုပ်ပျော်တယ်လို့ ပြောရမှာပဲ” ဟု ထန်းလုပ်ငန်းလုပ်ကိုင်သူ မသန်းဆင့်က ပြောပြသည်။
 
အရင်နှစ်များ ထန်းဖိုချိန်မှာ ထန်းလျက်ဈေးက တစ်ပိဿာ ကျပ် ၄၀၀ ကနေ အလွန်ဆုံး ကျပ် ၆၀၀ ပါ။ ဒီနှစ် ထန်းလျက်ပေါက်ဈေးက ပေါ်စ တစ်ပိဿာ ကျပ် ၉၀၀ ကျော် လောက်ရှိပေမယ့် အခု မေလထဲမှာတော့ တစ်ပိဿာ ကျပ် ၈၀၀ နား ကပ်နေပါသေးတယ်။ လက်ရှိထန်းလျက်ဈေးနဲ့ ထန်းလျက်အထွက်နှုန်းက ထန်းသမားရင်းနှီးရတဲ့ ၀ါးလုံးဖိုး၊ ထင်းဖိုး၊ ကြိုး၊ မြူအိုး၊ ထန်းလျက်ချက်တဲ့ ဒယ်အိုးဖိုး၊ သစ်ခေါင်နဲ့ ထင်းဖိုးတွေ ပေါင်းလိုက်ရင် စားဖြစ်သောက်ဖြစ်ပါ။ ပိုလျှံတယ်လို့ မရှိပေမယ့် အရင်ထက်တော့ ၀မ်းရေးပြေလည်လာတယ်လို့ ပြောနိုင်ပါတယ်။ ထန်းတက်သမားတိုင်းကို ထန်းတောပိုင်ရှင်လို့ သတ်မှတ်လို့ မရပါဘူး။ ထန်းတက်သူ အများစုက အငှားတက်သူ များပါတယ်။ ထန်းရာသီမှာ ထန်းတက်လုပ်ငန်း လုပ်ကိုင်ပြီး ထန်းရာသီပြီးချိန်မှာ ယာခင်းတွေဆီမှာ စာရင်းငှားဝင်လုပ်ရင်း အသက်မွေးကြရပါတယ်။ ထန်းပိုင်ရှင်ဆီကနေ ထန်းတက်ခွင့်ရဖို့ တစ်နှစ်ငွေဘယ်လောက်ဆိုပြီး ငှားတက်ကြတာ မဟုတ်ဘဲ ထန်းတက်ရက် ဘယ်နှရက်မှာ ထန်းတောပိုင်ရှင်အတွက် ဘယ်နှရက်ဆိုပြီး ပေးရပါတယ်။ ဟိုအရင်တော့ ထန်းသမား သုံးရက်ဆိုရင် ထန်းပိုင်ရှင်အတွက် တစ်ရက်တက်ပေးရပါတယ်။ နောက်ပိုင်း ထန်းလျက်ဈေးမကောင်းတာ ကုန်ကြမ်းပစ္စည်း ဈေးမြင့်တာ နိုင်ငံရပ်ခြား ထွက်ခွာသူတွေ များလာတာကြောင့် ထန်းတက်သူ နည်းသွားတဲ့အတွက် ထန်းတက်ခကို ငါးရက်တစ်ရက်ပဲ သတ်မှတ်ပါတော့တယ်။ 
 
ထန်းလုပ်ငန်း သိပ်မကောင်းပေမယ့် ထန်းပင်ကထွက်တဲ့ အရာမှန်သမျှ လွှင့်ပစ်လိုက်ရတယ်ဆိုတာ မရှိတော့ ထန်းလုပ်ငန်းက ဆက်ရှိနေဦးမှာပါ။ ထန်းပင်ဆိုတာ အညာမှာ ပဒေသာပင်ပါ။ ထန်းနို့ကထွက်တဲ့ ထန်းရည်ကိုကျိုပြီး ထန်းလျက်လုပ်တယ်။ ထန်းပြင်ရင်း ခုတ်ထွင်လိုက်တဲ့ ထန်းလက်ကိုင်းကို ကုလားထိုင်တို့ စားပွဲတို့ ထမ်းပိုးတို့ လုပ်တယ်။ ထန်းလျှော်ကို အိမ်ဆောက်တဲဆောက်တဲ့အခါ ကြိုးအနေနဲ့ သုံးတယ်။ ထန်းရွက်ကို အိမ်မိုးဖို့အတွက် သုံးတယ်။ ထန်းသီးဆန်နုသေးရင် တချို့မြို့တက်ရောင်းကြပါတယ်။ ရင့်သွားရင်တော့ နွားစာအဖြစ် ထန်းသီးဆန်ကို ပါးပါးလေးလှီးပြီး နွားကျွေးလို့ ရပါသေးတယ်။ ထန်းပင်တွေက လယ်ယာခင်းတွေကို သူ့အကွက် ကိုယ့်အကွက် နယ်နိမိတ်သတ်မှတ်ဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ ယာခင်း အတော်များများရဲ့ တစ်ကွက်နဲ့တစ်ကွက် မြေနေရာအစပ်တွေမှာ ထန်းပင်တွေကိုစီပြီး စိုက်ထားရင်း နယ်နိမိတ်အတိုင်း သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်လည်း အညာအရပ်က ယာခင်းတွေမှာ ထန်းပင်တွေဟာ အတန်းလိုက် အကွက်လိုက် ပေါ်နေတာပါ။ ထန်းပင်က ထန်းရည်အထွက်နည်းသွားလို့ပဲ ဖြစ်ဖြစ်ရင့်ခြောက်ပြီး သေသွားရင်ပဲဖြစ်ဖြစ် မိုးကုန်တဲ့အခါ ခုတ်လှဲပြီး
အိမ်ဆောက်တဲ့အခါ ထုပ်တန်းအဖြစ် သုံးကြပါတယ်။ ထန်းသားက မိုးရေမထိရင် ဆယ်စုနှစ်ချီကို ခိုင်ခံ့တဲ့အသားမို့ သစ်ကြီးသစ်ကောင်းရှားသွားတဲ့ ခုခေတ်ကျေးလက်မှာ အိမ်ဆောက်ဖို့အတွက် ထန်းသားဟာ အရေးပါဆဲပါ။
 
ထန်းလုပ်ငန်း အတော်အသင့် ပြန်ကောင်းတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အကျိုးအမြတ်နည်းလို့ တက်သူမရှိသေးတာကြောင့် အရွက်ခြောက်တွေ အပြိုင်းပြိုင်း အရိုင်းရိုင်း ဖြစ်နေတဲ့ ထန်းပင်တောတွေလည်း အများအပြား ရှိနေသေးပါတယ်။ ထန်းတက်တဲ့အလုပ်ဟာ ထန်းသမားအဖို့ အသက်အန္တရာယ် နီးစပ်တဲ့အလုပ်ပါ။ ထန်းတက်ရင်းရင်း ဆွဲမခိုင်လို့ ပြုတ်ကျတာ။ အပင်ပေါ်ရောက်မှ အကြောင်းအမျိုးမျိုးကြောင့် လိမ့်ကျတာတွေ ကြုံရကြားရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ထန်းသမားဟာ ခြေကျိုးလက်ကျိုးကနေ အသက်ဆုံးရှုံးသွားတဲ့ အထိပါ။ အညာအရပ်မှာတော့ ထန်းလျှောတယ်လို့ ခေါ်ပါတယ်။ ထန်းချက်သူကချက်၊ မြူအိုး မီးမြှိုက်သူက မြှိုက်နေတဲ့ ထန်းချက်ဖိုဆီကအပြန် ကျွန်တော့်အတွေးမှာ ထန်းပင်ပေါ်က ထန်းရည်ကို ကျိုချက်ပြီးရလာတဲ့ ထန်းလျက်က ချိုမြပေမယ့် ထန်းလျက်ခဲဖြစ်ဖို့ ထန်းသမားမိသားစု အားထုတ်ရတဲ့ဘ၀ဟာ ပင်ပန်းဆင်းရဲတာထက် အများကြီးပိုနေတယ်ဆိုတဲ့အကြောင်း သိလိုက်ရင်း ထန်းလျက်ဈေးကောင်းကာ ထန်းတောင်သူတို့ဘ၀ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်မိပါတယ်။
Writer: 
■ သက်ထိန်ဝင်း (ပခုက္ကူ )

(Credit to Eleven Media Group)

Saturday, April 4, 2015

ထန်းပင်ရိပ်

ထန်းပင်ရိပ်
***********
ထန်းရွက်သံ ပတ္တလားနဲ့ 
ထန်းရည်ခါး သောက်ရအောင်
ဝါးခေါက်ကြ မောင် ။

ထန်းသမား အသားချောင်
မြှောင်ပြီကွယ့် ခါးတောင်း ။

ရှဉ့် ငှက် ကျင်လည်စွာသို့
တပင်ခွာ တပင်တက်
လျှပ်လက်သို့ လည်းကောင်း ။

ငှက်ခါးတောင် စိမ်းမြမြနဲ့
ပင်ကျရည် ခေါင်းပေါင်းဖြူ ။

ပဲကြီးလှော် တကတော့နဲ့
မော့စို့ အတူ ။

ယူခဲ့ပော့ တမြူ နှစ်မြူ
မွှေးကြူလို့သင်း ။

ထန်းရိပ်ညို တနေခိုလို့
ဘ၀ကို မေ့ပျော်ကြူး
မူးစို့ သူငယ်ချင်း ။

ထန်းလျက်ချို ဖိုနံဘေးက
ခွေးကလေး ညိုပြာရောင်
ဝဲယားလို့ ပောာင် ။

တို့တတွေ ထန်းရည်မူးကို
ချီးကျူးတဲ့ တေးသံယောင်
အမောင်ငဲ့ ကြားပါစ ။

မျက်မှေး ရီတီတီနဲ့
နေနီနီ အစွယ်ကျိုး
မိုးချုပ်ပြီလော့ ။

ထန်းတောပြန် သေသောက်ကြူး
အမူးက မပြေ့တပြေ
နတ်ဝင်သည်တွေ ။

ယစ်ရွှေရည် သူရာနှိုးလို့
ပုဆိုးစ ခါးပုံရှည်
ခုနှစ်ထွေ အက ။

တေးချင်း အသံကျယ်ကြောင့်
တဲပျက်ငယ် အ၀င်ဝက
ဆီးကြိုကာ တွဲပါရ
မယ်မင်းကြီးမ ။

တင်မိုး
၂၇ . ၇ .၁၉၆၀

ထန်းသမားတို့၏ လူမှုဘဝပုံရိပ်များ

ထန်းသမားတို့၏ လူမှုဘဝပုံရိပ်များ
••••••••••••••••••••••••••••••••••••••••
'နွေဦးကာလ မြူထသောအခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထမ်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး'ဟူ၍ ဝန်ကြီး ပဒေသရာဇာ စပ်ဆိုခဲ့
သည့် ထန်းသမား ဘဝကဗျာကား ယနေ့ထက်ထိတိုင် ထင်ဟပ်နေဆဲပင် ဖြစ်သည်။

ထန်းပင်များကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် အများဆုံးတွေ့ရပြီး ကျောက်ပန်းတောင်း၊ မုံရွာ၊ ပခုက္ကူ စသည့်မြို့များတွင် အများဆုံးစိုက်ပျိုးပြီး ထန်းတက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြသည်။ စူးရှတောက်ပလှသည့် နေရောင်အောက်တွင် ထန်းပင်တန်းများက မျက်စိတဆုံး။ ဤသည်မှာလည်း အညာဒေသ၏မျက်စိပသာဒစွဲဆောင်မှုပင်ဖြစ်ပြီး အညာဒေသ၏ ထန်းအလှများပင်ဖြစ်ပါသည်။ ထန်းပင်များအကြား ထန်းသမားတို့၏ လှုပ်ရှားမှုပုံရိပ်များကလည်း မြန်မာတို့၏ လှပသော ပန်းချီကား များပင် ဖြစ်ပါသည်။

ဆောင်းကုန်ခါစ နွေဦးကာလမှစ၍ ထန်းသမားတို့ အလုပ်များကြရပြီး ထန်းပင်များအကြား နေပူပူ၊ မိုးရွာရွာ ဘဝဝမ်းစာအတွက် ကြိုးစားရုန်းကန်လှုပ်ရှားကြရသည်။ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တခူး၊ ကဆုန်လတို့သည်ထန်းလျက်လုပ်ငန်း အတွင်ကျယ်ဆုံးအချိန် ဖြစ်သလို ထန်းသမားတို့လက်ဝယ် ငွေရွှင်ငွေလန်းသည့် ကာလဟုဆိုလျှင် မမှားနိုင်ပါ။ထန်းပင်စိုက်ပြီး ကိုယ်တိုင်ထန်းတက်သူများ ရှိသလို ထန်းပင်မဲ့လက်လုပ်လက်စား ထန်းသမားများက ပို၍များမည်ဖြစ်သည်။ ယောက်ျားဖောင်စီးရာတွင်လည်းကောင်း၊ မိန်းမမီးဖွား ရာတွင်လည်းကောင်း အန္တရာယ်များပုံကို'ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ'ဆိုသကဲ့သို့ ထန်းသမားဘဝသည်လည်း အခန့် မသင့်လျှင် အသက်အန္တရာယ်ဖြင့် ကြုံတွေ့ရနိုင်ပြီး ဒုက္ခိတဘဝရောက်ရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည်။

ထန်းပင်တွင် ထန်းဖိုနှင့် ထန်းမ နှစ်မျိုးရှိပြီးထန်းပင်နှစ်မျိုးစလုံးမှ ထန်းရည်ထုတ်ယူနိုင်သည်။ ထန်းဖိုပင်တွင် ထန်းနို့ချောင်းမှ ထန်း ရည်ရယူနိုင်ပြီး ထန်းမပင်ရှိ ထန်းသီးခိုင်မှထန်းရည်ကို ရယူသည်။ ထန်းတက်မည်ဆိုလျှင် ကာယအားအပြင် ထန်းရည်ထည့်ရန် မြူအိုး၊ ကြိုးနှင့် ထန်းတက်လှေကားနှင့် ထန်းလှီးဓားတို့ကို ပထမဦးစွာ အရင်းအနှီး အဖြစ် အသုံးပြုကြရမည်။ ထန်းရည်ကို ထန်းလျက်ချက်ရန်အတွက် ဒယ်အိုးနှင့် ထင်းကလည်း မရှိမဖြစ် လိုအပ်သည်။
ထန်းတက်သမားသည် နံနက်လင်းသည်နှင့် ထန်းတက်ရန်ပြင်ဆင်ကြရပြီး ထန်းမတက်မီဝမ်းအရင် ဖြည့်ကြရသည်။စာရေးသူကြုံတွေ့ခဲ့သည့်ထန်းသမားမိသားစု၏ နံနက် စာမှာ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများ၏ နံနက်ခင်းစာနှင့်မတူ၊ တစ်မူထူးခြားပုံမှာ ထမင်းကြမ်းခဲကို ထန်းရည်ဖြင့် မြိန်ရေယှက်ရေစားသုံးပြီး ဆာလောင်မှုကို ဖြည့်တင်းလိုက်ကြသည်။၎င်းတို့၏နံနက်ခင်းစာကိုမြို့မှဟန်ဘာဂါ၊ ဂျေဒိုးနက်တို့ဖြင့်လဲလျှင် တောင်ရမည့်ပုံမပေါ်။ နေ့စဉ်စားသုံးလာသည့်မိရိုးဖလာယဉ်ကျေးမှုစားသောက်မှုပုံစံဖြစ်၍ နတ်သုဒ္ဓါဖြင့် မလဲနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဝမ်းစာဖြည့်တင်းအပြီးနံနက်ခင်းထန်းတက်လုပ်ငန်းခွင်ဝင်သည်နှင့် မြူအိုးနှင့်ဓားအိမ်ကို ခါးတွင်ချိတ်လျက် ထန်းပင်ပေါ်သို့ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တက်ကြရသည်။ ထန်းတစ်ပင်ကို နှစ်ကြိမ်တက်ရသော်
လည်း ထန်းအငှားတက်သူများဆိုလျှင် အပင်ပေါင်းမရေနိုင်ဘဲ တစ်ပင်ပြီးတစ်ပင် တက်ချီဆင်းချီဖြင့် မမောနိုင် မပန်းနိုင်။ ထန်းသမား ယူလာသည့် ထန်းမြူအိုးကို အပင်အောက်ရောက်သည်နှင့် မဆိုင်းမတွဘဲ အသင့်ရှိနေသည့် ဇနီးသည်က ထန်းလျက်ချက်သည့်တဲသို့ သယ်သွားသည်။

ထန်းသမားက သက်စွန့်ဆံဖျား ထန်းတက်ပြီး ရရှိသည့်ထန်းရည်ကို ဇနီးသည်ကလည်း မောင်တစ်ထမ်းမယ်တစ်ရွက်ဖြင့်တက်ညီလက်ညီ ပြုလုပ်ကြရသည်။စုဆောင်းရရှိလာသော ထန်းရည်များကို ထန်းလျက်ချက် သည့် ဒယ်အိုးထဲထည့်၍ မီးဖြင့်ကျိုရသည်။ နေ့စဉ်မီးဖြင့် ကျိုရသဖြင့် တော်ရုံထင်းဖြင့် မသုံးနိုင်ဘဲ ယာတောမှ ထွက်ရှိသည့် ပြောင်းရိုး၊ မြေပဲခွံ၊ နွားချေး၊ သစ်ရွက်အခြောက် စသည်များကို စုဆောင်းထားရှိကြရသည်။ ကျိုချက်ပြီးညောင်စီးကျချိန်တွင် မီးဖိုပေါ်မှ ဒယ်အိုးကိုချ၍ မအေးသွားခင် ပူပူလောင်လောင်မှာပင် လက်ဖြင့် ထန်းလျက်ခဲများ ဖြစ်ရန် ပုံဖော်ကြရတော့သည်။

ထန်းသမားတို့ တစ်နေ့တာ ပင်ပင်ပန်းပန်းရှာဖွေရရှိသည့်ဝင်ငွေဖြင့် တစ်နေ့တာထွက်ငွေကို ချင့်ချိန်သုံးစွဲကြရသည်။ ထန်းလျက်ချက်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လျော့နည်းလာမှုကြောင့်ထန်းလျက်အထွက်နှုန်းမှာလည်း လျော့နည်းလာလျက်ရှိသည်။ ထန်းသမားတို့ကို မှီခိုနေရသည့် ထန်းလျက်ပွဲရုံများမှာလည်း ညည်းတွား မှုများရှိလာကြသည်။ယနေ့ထန်းလျက်ဈေးသည်ယခင်နှစ်များကထက် ဈေးအနည်းငယ်တက်လာသဖြင့်ထန်းသမားတို့၏ မျှော်လင့်ချက်လေးများရှင်သန်နိုးထစပြုလာသည်။

ထန်းလျက်ကို မြန်မာ့ရိုးရာအစားအစာအဖြစ် မုန့်အမျိုးမျိုးပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုသကဲ့သို့ ကျန်းမာရေးအတွက်လည်း ပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ပြင် ပြည်ပပို့ကုန်တစ်မျိုးဖြစ်လာသည်ကိုလည်းသိရသည်။ ထန်းလျက်သည် မြန်မာ့ ရိုးရာသဖွယ်စားသုံးကြသည့် စားစရာတစ်မျိုးဖြစ်သဖြင့် နိုင်ငံ၏ ထွက်ကုန်ဖြစ်သည့် ထန်းလျက်လုပ်ငန်း ကွယ်ပျောက်မသွားရန် အရေးကြီးပါသည်။

ယနေ့တွင် ခေတ်မီပြောင်းလဲလာသောလူနေမှုပုံစံနှင့်အတူဘိုးဘွားအမွေအနှစ် ထန်းပင်များကိုစွန့်ခွာ၍အခြားအရပ်ဒေသများသို့သွားရောက်စီးပွားရှာလာကြသည်။ လူငယ်များမှာ နိုင်ငံရပ်ခြားသို့ပင် သွားရောက်အလုပ်လုပ်ကိုင်သူ များလာရာ ထန်းတောအချို့မှာ ထန်းတက်မည့်သူများ မရှိတော့ဘဲ ထန်းပင်များမှာ အလဟဿဖြစ်နေသည်။ အငှားထန်းတက်သမားများ ရှားပါးလာသကဲ့သို့ထန်းပိုင်ရှင်များကလည်းထန်းပင်မှထန်းရည်မထုတ်ယူတော့ဘဲ ထန်းသီးခိုင်များကိုသာခုတ်ယူပြီး နွားစာအဖြစ် အသုံးပြု ကြတော့သည်။ တချို့မှာ သက်တမ်းရင့်သော ထန်းပင်များကို ခုတ်လှဲ၍ သစ်အဖြစ် အိမ်ဆောက်ရာတွင် အသုံးပြုလာကြသည်။

ထန်းတက်သမားရှားပါးလာမှု၊ထန်းပင်ပိုင်ရှင်များကလည်းထန်းလျက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုကြတော့ပေ။ထို့ထက်ဆိုးသည်မှာ သက်တမ်းရင့်ထန်းပင်များကို သစ်အဖြစ်ခုတ်လှဲနေမှုတို့ကြောင့်
သစ်ပင်များလျော့နည်းလာကာ ပူပြင်းမှုဒဏ်ကို ပိုမိုခံစားရနိုင်သလို အညာဒေသမှ ထန်းသမားတို့၏ ဘဝပုံရိပ်များ ပျောက်ကွယ်သွားလေ မလားဟုပင် စာရေးသူစိတ်ထဲတွင် တွေးရင်... တွေးရင်း။ ။

ဇာဇာ

Friday, April 3, 2015

အလောင်းစည်သူမင်းတည်ထားကိုးကွယ်သည့် ပခန်းကြီးမြို့ ဟောင်းမှ စည်သူရှင်ဘုရား

အလောင်းစည်သူမင်းတည်ထားကိုးကွယ်သည့် ပခန်းကြီးမြို့ ဟောင်းမှ စည်သူရှင်ဘုရား
==========================================

ပခုက္ကူခရိုင် ၊ရေစကြိုမြို့ နယ်၊ ပခန်းကြီးကျေးရွာ ( ပခန်းကြီးမြို့ ဟောင်း ) တွင် သက္ကရာဇ် ၄၈၀ ခုနှစ် နယုန်လဆန်း ၁၂ ရက် နေ့တွင် စေတီတော်တစ်ဆူတည်ထားပြီး စည်သူရှင်ဘုရားအား အလောင်းစည်သူမင်းကြီး ကိုးကွယ်တော်မူခဲ့ကြောင်းသိရသည်။ စည်သူရှင်ဘုရားသည် ဆင်တစ်ဆယ့်ငါးစီးခံ ရုပ်ပွားတော်မြတ်ဖြစ်ပြီး သိကြားမင်းဆက်သသော သရက္ခန်သားဖြင့် ထုလုပ်ပူဇော် ခြင်းဖြစ်ပြီး ဘုရားသမိုင်းကြောင်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စည်သူရှင်းဘုရားသမိုင်းနှင့်အတူ တစ်နေရာတည်းတွင်သီတင်းသုံးတော်မူသည့် ရှင်မတောင်၊ မြတ်ပေါင်းမဉ္ဇူ၊ဒက္ခိဏသာခါ ဘုရားများ၏ သမိုင်းကြောင်းသည့် စိတ်ဝင်စားဖွယ်ဆက်စပ် ဖြစ်ပေါ်ခဲ့ရာ ဗဟုသုတတိုးပွားကြည်ညိုသဒ္ဓါပွားလျက် အများပြည်သူအကျိုးငှာလေ့လာမိပါသည်။
ပုဂံထီးနန်းအား သက္ကရာဇ် ၄၅၄ ခုနှစ်တွင် စိုးစံတော်မူသည့် အလောင်းစည်သူမင်းတရားသည် လူ့ပြည်တွင်မက နတ်ပြည် တွင် သာသနာပြုရန်ရည်ရွယ်ချက်ဖြင့် ဖောင်စင်္ကြာဖြင့် မြင့်မိုရ်တောင်ထိပ်ရှိ တာဝတိံသာနတ်ပြည်သို့ သွားရောက်ရန်ကြိုးစား အားထုတ်သည်တွင် နတ်ပြည်သို့  လူသားတို့ မရောက်ထိုက်သဖြင့် သိကြားမင်းသည် အဘိုးအိုအသွင် ဖန်ဆင်း၍ တားမြစ် တော်မူသည်။ နတ်ပြည်တွင် ထက် လူ့ပြည်တွင် သာသနာပြုခြင်းမှာ ပို၍သာလွန်မွန်ုမြတ်ကြောင်း အလောင်းစည်သူမင်းကြီး နားဝင်တော်မူ၍ ပြန်လှည့်တော်မူစဉ် သိကြားမင်းသည် မင်းကြီးလူပြည်၌ သာသနာပြုနိုင်ရန်အတွက် နတ်ပြည်ရှိ နတ်ဘီလူးတို့ စောင့်ရှောက်အပ်သော သရက္ခန်ပင်၏ အနှစ်အတုံးနှင့် ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော် ၁၂ဆူကို ဆက်သသည်။ မင်းကြီး လည်း သိကြားမင်း၏ရည်ရွယ်ချက်အတိုင်း သရက္ခန်အနှစ်အား ဘုရားရုပ်ပွားတော်ထုလုပ်စေရာ သိကြားမင်းကိုယ်တိုင် မင်းကြီး ၏ လက်လေးသစ်ပမာဏဥာဏ်တော် ရုပ်ပွားတော်ငါးဆူထုလုပ်တော်မူသည်။ မင်းကြီးက ဥာဏ်တော်သေးငယ်သည်ဟုဆိုရာ သိကြားမင်းလည်း ဥာဏ်တော်တစ်တောင်ရှိ ဇမ္ဗူ့သပြေရုပ်ပွားတော်ငါးဆူတွင် သရက္ခန်ရုပ်ပွားတော်နှင့် ဓာတ်တော် နှစ် ဆူကျစီ ဌာပနာထည့်သွင်းပူဇော် ဆက်သသည်။
ထိုနောက်ကျန် ဓာတ်တော်နှစ်ဆူအား ရုပ်ပွားတော်များထုလုပ်ရာမှ ရရှိသည့် စူးစာဆောက်စာများနှင့်မံ ဘုရားပြုလုပ်ထားသည့် မြတ်ပေါင်းမဉ္ဇူဘုရားကို သိကြားမင်းက ဆက်သပြန်သည်။ အလောင်းစည်သူမင်းကြီးသည် ဥာဏ်တော်များသေးငယ်လွန်းသည် ဟု 
ထပ်မံညည်းညူသဖြင့် ကျွန်းဦးစောင့်နတ်ဆက်သသော ဆင်ရေသဏ္ဍာန်ရှိသောရှိ သစ်သားများကို ဆင်ခံပုလ္လင်များပြုလုပ် ကာ ရုပ်ပွားတော်များကို အနေသင့်တင့်အောင်ပြုသည်။ ဆင်ခံရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင် တင်၍ အဓိဌာန်ဆု တောင်း၍ လွှတ်တော်မူရာ ပခန်းကြီးမြို့ တောင်ဘက်ရှိ က္ကဒ္ဓိ၀ိဒ တောင်တွင် ဆင်မ ရပ်တန့်သဖြင့် မင်းကြီးမှ ငါ့အရှင် ဤနေရာ တွင် ကိန်းဝပ်တော်မူရတော်မည်ဟု မိန့်တော်မူသည်ကို အစွဲပြု၍ စည်သူရှင်ဘွဲ့အမည်ရသည့် ဆင်တစ်ဆယ့်ငါးစီးခံရုပ်ပွားတော် မြတ်အား စေတီတစ်ဆူတည်ထားပြီး ကိုးကွယ်တော်မူသည်။ တတိယဆင်မယဉ်သာသည် ပခန်းကြီးမြို့ အနောက် ရှင်တောင်မ တွင်ရပ်တန့်တော်မူရာ ဆင်တစ်ဆယ့်သုံးစီးခံရုပ်ပွားတော်မြတ်အား သက္ကရာဇ် ၄၈၁ တန်ဆောင်မုန်းလ ၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်တော်မူသည်။ဆဌမဆင်မယာဉ်သာသည်ပခန်းကြီးမြို့ အနောက်တောင်ရပ်အရိယဓမ္မဿ၊ ဓမ္မရာသီ၏ ရွှေဥမင် ကျောင်းတိုက်၌ ရပ်တန့်သဖြင့် ဆင်တစ်ဆယ့်စီးခံမြတ်ပေါင်းမဉ္ဇူရုပ်ပွားတော်အား သက္ကရာဇ် ၄၈၁ ခုနှစ် ပြာသိုလတွင် လိုဏ်ဂူ သွင်းကာ ဆရာတော်မှ ကိုးကွယ်တော်မူသည်။ ယခုအခါ ရှင်မတောင်ရုပ်ပွားတော် နှင့် မြတ်ပေါင်း မဉ္ဇူရုပ်ပွားတော်များသည် စည်သူရှင်ရုပ်ပွားတော်မြတ်နှင့်အတူ စည်သူရှင်ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည်။
အဆိုပါ ရုပ်ပွားတော်သုံးဆူနှင့်အတူ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားကိုးကွယ်သည့် ဒက္ခိဏသာခါရုပ်ပွားတော်မြတ် တစ်ဆူလည်း သီတင်းသုံးတော်မူသည်ကို ဖူးမြင်ရသည်။ ဘိုးတော်မင်းတရားသည် ပခန်းကြီးတောင်ဘက်ဘုမ္မရွာ ဘုန်းတော် ကြီးကျောင်းဆရာတော်အား ရုပ်ပွားတော်အားပူဇော်ကိုးကွယ်ရန်လှူဒါန်းဆက်ကပ်သည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင် ဆရာတော်၏ ဆွေမျိုးသားချင်းများမှ ဒက္ခိဏသာခါရုပ်ပွားတော်အား သူ့ ကိုးကွယ်ထိုက်သည် ငါကိုးကွယ်ထိုက်သည် အမွေလု ကြရာတွင် ရာဇဂုရုဘွဲ့ရ ရေစကြိုသာသနာပိုင်ဆရာတော် မှ ဘုရားရုပ်ပွားသည် အများပြည်သူနှင့် သက်ဆိုင်သည့်အရာဖြစ်၍ အများပြည်သူ ဖူးမြင်အကျိုးများစေခြင်းငှာ ပခန်းကြီးစည်သူရှင်ဘုရားတွင် ပင့်ဆောင်ပြီး ပူဇော်ထားရှိစေရန်ဆုံးဖြတ်တော်မူ ခဲ့သည်။ သာသနာပိုင်ဆရာတော် မဆုံးဖြတ်ကာလအတွင်း ရုပ်ပွားတော်လုကြသည့် ဆွေမျိုးသားချင်းများထဲမှ တစ်ဦးသောသူ သည် ရုပ်ပွားတော်အား တခြားဆွေမျိုးများ မသိအောင် ယူဆောင်၍ နွားတင်းကုတ်တွင် ၀ှက်ထားရာ နွားတင်းကုတ် မီးလောင်ပြီး မီးမခသော ရုပ်ပွားတော်မြတ်အား ဆွေမျိုးများ ပြန်လည်ဖူးတွေ့ ရသည်ဟု ဆိုသည်။ ပခန်းစည်သူရှင်ဘုရား ရုပ်ပွားတော်အား အလောင်းစည်သူမင်း တည်ထားကိုးကွယ်တော်မူခဲ့စဉ်က စေတီတော်အတွင်း ဌာပနာ၍ ပူဇော်ထားရှိတော်မူခဲ့သော်လည်း ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူပြီးနောက် ၁၀ နှစ်ခန့်အကြာတွင် လူမသမာတစ်ဦးသည်စေတီတော်ဌာပနာအား ဖောက်ကာ စည်သူရှင်ဘုရားရုပ်ပွားတော်အား ခိုးယူထွက်ပြေးသွားပြီး ရုပ်ပွားတော်တွင် ပူဇော်ထားရှိသည့် ရွှေများအား ခွာယူကာ ရုပ်ပွားတော်အား ပခုက္ကူဘူတာအနီး စွန်လွန်းရွာမလှမ်းကမ်းတွင် ပစ်ချထားခဲ့ကြောင်း နွားကျောင်းသားသည် နွားများချိုသွေးသည့်နေရာတွင် ထူးခြားသည့်ရုပ်ပွားတော်အား တွေ့ရှိသဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ အပ်နှံရာ ဆရာတော်မှ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။ စည်သူရှင်ဘုရားဂေါပကအဖွဲ့ထံသို့ အကြောင်းကြား သဖြင့် သွားရောက်ကြည့်ရှုရာ မိမိတို့ 
ဘုရားမှန်သော်လည်း မသမာသူခိုးယူသွားစဉ်က ဇမ္ဗူ့သပြေရုပ်ပွားတော်အား ရိုက်ခွဲကာ ရွှေများယူသွားပြီး ရုပ်ပွားတော်အတွင်း ပူဇော်ထားရှိသည့် စည်သူရှင်ဘုရားရုပ်ပွားတော်သာ ကျန်ရှိသဖြင့် တရားတဘောင်ရင် ဆိုင်ကာ မိမိတို့ ပိုင်ဆိုင်သည့်ဘုရားပြန်လည်ရလိုကြောင်း တရားစွဲဆိုလျှောက်ထားကြသည်။ သက်ဆိုင်ရာနှင့် တရားရင်ဆိုင် နေစဉ်ကာလအတွင်း စည်သူရှင်ရုပ်ပွားတော်မြတ်သည် မူရင်းကိန်းဝပ်သီတင်းသုံးတော်မူရာ ပခန်းကြီး စည်သူရှင်ဘုရားဘက် သို့ မျက်နှာမူကာ သီတင်းသုံးတော်မူသည်ကို အင်္ဂလိပ်အရေးပိုင်မင်းကိုယ်တိုင်သိရှိကာ စည်သူရှင်ဘုရားအား ပြန်လည် ပင့်ဆောင်ခွင့်ပြုခဲ့သည် ဆိုသည်။ မသမာသူခိုးယူသွားပြီး ရိုက်ခွဲဖျက်ဆီးစဉ်က ဒဏ်ကြောင့် စည်သူရှင် ဘုရားရုပ်ပွားတော် ညာဘက်ဦးကင်းတွင် အနည်းငယ်အက်ကွဲသည့်ဒဏ်ရာ ရရှိခဲ့သည်ကို ယနေ့တိုင်မြင်တွေ့ရသည်။ စည်သူရှင်ဘုရားရုပ်ပွားတော် ပြန်လည် ဌာပနာ ပူဇော်ရန် အလှူခံရာ ရွှေငါးပိဿာသုံးဆယ့်ငါးကျပ်သားနှင့် ငွေသုံးပိဿာခွဲ ရရှိခဲ့ပြီး ငွေအား ဆင်ခံပုလ္လင်ထုလုပ်ပြီး ရွှေအား ရုပ်ပွားတော်တစ်ဆူထုလုပ်ကာ ပူဇော်ကြောင်း၊ ၄င်းနောက် စည်သူရှင်ရုပ်ပွားတော်အား ရဟန်းရှင်လူများဖူးမြော်မြင် တွေ့နိုင်ရန်အတွက် ဌာပနာ ပူဇော်ခြင်းမပြုပဲ ဂန္ဓာကုဋီတွင်သာ ပူဇော်ထားရှိခဲ့သည်။ နံနက် ၇ နာရီတွင် စည်သူရှင်ရုပ်ပွားတော်အား ဂန္ဓကုဋီအပြင်တွင် ပူဇော်ထားရှိပြီး ညနေ ၄ နာရီတွင် အတွင်းသို့ ပြန်လည်ပင့်ဆောင်ထားရှိသည်။ သိကြားမင်းကိုယ်တိုင် ထုလုပ်တော်မူခြင်း ၊ နတ်ပြည်တွင်သာရှိသည့် သရက္ခန်သားဖြင့် ထုလုပ်ခြင်း စသည့် ထူးကဲသည့်အရာများကို နောင်လာနောင်သားတို့ ဖူးမြင်တွေ့စေခြင်းငှာ ယင်းသို့ ပူဇော်ခံထားရှိခြင်း ဖြစ်သည်။
စည်သူရှင်ဘုရားရုပ်ပွားတော်အား ကျေးရွာဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ကာ အဓိဌာန် ဆုတောင်းမှုပြုကြသည်။ အဓိဌာန် ဆုတောင်းပြည့်သူများသည် စည်သူရုပ်ပွားတော်မြတ်အား ၄င်းတို့၏ လက်ဝတ်ရတနာ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြား လက်စွပ် ၊ လက်ကောက်၊ နားတောင်းများ ပူဇော်ထားရှိသည်ကိုလည်း ဖူးမြင်သဒ္ဓါပွားရသည်။ စည်သူရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် တန်ခူးလတွင်ကျင်းပပြုလုပ်ပြီး မဟာသင်္ကြန်ရက်များဖြစ်သည့် မဟာသင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ ၊ အတက်နေ့များသည့် ပွဲတော်ရက်များဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့တွင် စည်သူရှင်ဘုရားရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူရာ စေတီတော်ပရ၀ုဏ်အတွင်း ဆွမ်းတော်ကြီး လောင်းလှူပွဲအား ပခုက္ကူ၊ရေစကြိုမြို့ နယ်များမှ ကျေးလက်နှင့် မြို့ ပြနေပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လည်း စည်ကားသိုက်မြိုက်စွာ လာရောက် လှူဒါန်းလောင်းလှူကြောင်း တင်ပြလိုက်ပါသည်။