အလောင်းစည်သူမင်းတည်ထားကိုးကွယ်သည့် ပခန်းကြီးမြို့ ဟောင်းမှ စည်သူရှင်ဘုရား
==========================================
ပခုက္ကူခရိုင် ၊ရေစကြိုမြို့ နယ်၊ ပခန်းကြီးကျေးရွာ ( ပခန်းကြီးမြို့ ဟောင်း ) တွင် သက္ကရာဇ် ၄၈၀ ခုနှစ် နယုန်လဆန်း ၁၂ ရက် နေ့တွင် စေတီတော်တစ်ဆူတည်ထားပြီး စည်သူရှင်ဘုရားအား အလောင်းစည်သူမင်းကြီး ကိုးကွယ်တော်မူခဲ့ကြောင်းသိရသည်။ စည်သူရှင်ဘုရားသည် ဆင်တစ်ဆယ့်ငါးစီးခံ ရုပ်ပွားတော်မြတ်ဖြစ်ပြီး သိကြားမင်းဆက်သသော သရက္ခန်သားဖြင့် ထုလုပ်ပူဇော် ခြင်းဖြစ်ပြီး ဘုရားသမိုင်းကြောင်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စည်သူရှင်းဘုရားသမိုင်းနှင့်အတူ တစ်နေရာတည်းတွင်သီတင်းသုံးတော်မူသည့် ရှင်မတောင်၊ မြတ်ပေါင်းမဉ္ဇူ၊ဒက္ခိဏသာခါ ဘုရားများ၏ သမိုင်းကြောင်းသည့် စိတ်ဝင်စားဖွယ်ဆက်စပ် ဖြစ်ပေါ်ခဲ့ရာ ဗဟုသုတတိုးပွားကြည်ညိုသဒ္ဓါပွားလျက် အများပြည်သူအကျိုးငှာလေ့လာမိပါသည်။
ပုဂံထီးနန်းအား သက္ကရာဇ် ၄၅၄ ခုနှစ်တွင် စိုးစံတော်မူသည့် အလောင်းစည်သူမင်းတရားသည် လူ့ပြည်တွင်မက နတ်ပြည် တွင် သာသနာပြုရန်ရည်ရွယ်ချက်ဖြင့် ဖောင်စင်္ကြာဖြင့် မြင့်မိုရ်တောင်ထိပ်ရှိ တာဝတိံသာနတ်ပြည်သို့ သွားရောက်ရန်ကြိုးစား အားထုတ်သည်တွင် နတ်ပြည်သို့  လူသားတို့ မရောက်ထိုက်သဖြင့် သိကြားမင်းသည် အဘိုးအိုအသွင် ဖန်ဆင်း၍ တားမြစ် တော်မူသည်။ နတ်ပြည်တွင် ထက် လူ့ပြည်တွင် သာသနာပြုခြင်းမှာ ပို၍သာလွန်မွန်ုမြတ်ကြောင်း အလောင်းစည်သူမင်းကြီး နားဝင်တော်မူ၍ ပြန်လှည့်တော်မူစဉ် သိကြားမင်းသည် မင်းကြီးလူပြည်၌ သာသနာပြုနိုင်ရန်အတွက် နတ်ပြည်ရှိ နတ်ဘီလူးတို့ စောင့်ရှောက်အပ်သော သရက္ခန်ပင်၏ အနှစ်အတုံးနှင့် ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော် ၁၂ဆူကို ဆက်သသည်။ မင်းကြီး လည်း သိကြားမင်း၏ရည်ရွယ်ချက်အတိုင်း သရက္ခန်အနှစ်အား ဘုရားရုပ်ပွားတော်ထုလုပ်စေရာ သိကြားမင်းကိုယ်တိုင် မင်းကြီး ၏ လက်လေးသစ်ပမာဏဥာဏ်တော် ရုပ်ပွားတော်ငါးဆူထုလုပ်တော်မူသည်။ မင်းကြီးက ဥာဏ်တော်သေးငယ်သည်ဟုဆိုရာ သိကြားမင်းလည်း ဥာဏ်တော်တစ်တောင်ရှိ ဇမ္ဗူ့သပြေရုပ်ပွားတော်ငါးဆူတွင် သရက္ခန်ရုပ်ပွားတော်နှင့် ဓာတ်တော် နှစ် ဆူကျစီ ဌာပနာထည့်သွင်းပူဇော် ဆက်သသည်။
ထိုနောက်ကျန် ဓာတ်တော်နှစ်ဆူအား ရုပ်ပွားတော်များထုလုပ်ရာမှ ရရှိသည့် စူးစာဆောက်စာများနှင့်မံ ဘုရားပြုလုပ်ထားသည့် မြတ်ပေါင်းမဉ္ဇူဘုရားကို သိကြားမင်းက ဆက်သပြန်သည်။ အလောင်းစည်သူမင်းကြီးသည် ဥာဏ်တော်များသေးငယ်လွန်းသည် ဟု
ထပ်မံညည်းညူသဖြင့် ကျွန်းဦးစောင့်နတ်ဆက်သသော ဆင်ရေသဏ္ဍာန်ရှိသောရှိ သစ်သားများကို ဆင်ခံပုလ္လင်များပြုလုပ် ကာ ရုပ်ပွားတော်များကို အနေသင့်တင့်အောင်ပြုသည်။ ဆင်ခံရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင် တင်၍ အဓိဌာန်ဆု တောင်း၍ လွှတ်တော်မူရာ ပခန်းကြီးမြို့ တောင်ဘက်ရှိ က္ကဒ္ဓိ၀ိဒ တောင်တွင် ဆင်မ ရပ်တန့်သဖြင့် မင်းကြီးမှ ငါ့အရှင် ဤနေရာ တွင် ကိန်းဝပ်တော်မူရတော်မည်ဟု မိန့်တော်မူသည်ကို အစွဲပြု၍ စည်သူရှင်ဘွဲ့အမည်ရသည့် ဆင်တစ်ဆယ့်ငါးစီးခံရုပ်ပွားတော် မြတ်အား စေတီတစ်ဆူတည်ထားပြီး ကိုးကွယ်တော်မူသည်။ တတိယဆင်မယဉ်သာသည် ပခန်းကြီးမြို့ အနောက် ရှင်တောင်မ တွင်ရပ်တန့်တော်မူရာ ဆင်တစ်ဆယ့်သုံးစီးခံရုပ်ပွားတော်မြတ်အား သက္ကရာဇ် ၄၈၁ တန်ဆောင်မုန်းလ ၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်တော်မူသည်။ဆဌမဆင်မယာဉ်သာသည်ပခန်းကြီးမြို့ အနောက်တောင်ရပ်အရိယဓမ္မဿ၊ ဓမ္မရာသီ၏ ရွှေဥမင် ကျောင်းတိုက်၌ ရပ်တန့်သဖြင့် ဆင်တစ်ဆယ့်စီးခံမြတ်ပေါင်းမဉ္ဇူရုပ်ပွားတော်အား သက္ကရာဇ် ၄၈၁ ခုနှစ် ပြာသိုလတွင် လိုဏ်ဂူ သွင်းကာ ဆရာတော်မှ ကိုးကွယ်တော်မူသည်။ ယခုအခါ ရှင်မတောင်ရုပ်ပွားတော် နှင့် မြတ်ပေါင်း မဉ္ဇူရုပ်ပွားတော်များသည် စည်သူရှင်ရုပ်ပွားတော်မြတ်နှင့်အတူ စည်သူရှင်ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည်။
အဆိုပါ ရုပ်ပွားတော်သုံးဆူနှင့်အတူ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားကိုးကွယ်သည့် ဒက္ခိဏသာခါရုပ်ပွားတော်မြတ် တစ်ဆူလည်း သီတင်းသုံးတော်မူသည်ကို ဖူးမြင်ရသည်။ ဘိုးတော်မင်းတရားသည် ပခန်းကြီးတောင်ဘက်ဘုမ္မရွာ ဘုန်းတော် ကြီးကျောင်းဆရာတော်အား ရုပ်ပွားတော်အားပူဇော်ကိုးကွယ်ရန်လှူဒါန်းဆက်ကပ်သည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင် ဆရာတော်၏ ဆွေမျိုးသားချင်းများမှ ဒက္ခိဏသာခါရုပ်ပွားတော်အား သူ့ ကိုးကွယ်ထိုက်သည် ငါကိုးကွယ်ထိုက်သည် အမွေလု ကြရာတွင် ရာဇဂုရုဘွဲ့ရ ရေစကြိုသာသနာပိုင်ဆရာတော် မှ ဘုရားရုပ်ပွားသည် အများပြည်သူနှင့် သက်ဆိုင်သည့်အရာဖြစ်၍ အများပြည်သူ ဖူးမြင်အကျိုးများစေခြင်းငှာ ပခန်းကြီးစည်သူရှင်ဘုရားတွင် ပင့်ဆောင်ပြီး ပူဇော်ထားရှိစေရန်ဆုံးဖြတ်တော်မူ ခဲ့သည်။ သာသနာပိုင်ဆရာတော် မဆုံးဖြတ်ကာလအတွင်း ရုပ်ပွားတော်လုကြသည့် ဆွေမျိုးသားချင်းများထဲမှ တစ်ဦးသောသူ သည် ရုပ်ပွားတော်အား တခြားဆွေမျိုးများ မသိအောင် ယူဆောင်၍ နွားတင်းကုတ်တွင် ၀ှက်ထားရာ နွားတင်းကုတ် မီးလောင်ပြီး မီးမခသော ရုပ်ပွားတော်မြတ်အား ဆွေမျိုးများ ပြန်လည်ဖူးတွေ့ ရသည်ဟု ဆိုသည်။ ပခန်းစည်သူရှင်ဘုရား ရုပ်ပွားတော်အား အလောင်းစည်သူမင်း တည်ထားကိုးကွယ်တော်မူခဲ့စဉ်က စေတီတော်အတွင်း ဌာပနာ၍ ပူဇော်ထားရှိတော်မူခဲ့သော်လည်း ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူပြီးနောက် ၁၀ နှစ်ခန့်အကြာတွင် လူမသမာတစ်ဦးသည်စေတီတော်ဌာပနာအား ဖောက်ကာ စည်သူရှင်ဘုရားရုပ်ပွားတော်အား ခိုးယူထွက်ပြေးသွားပြီး ရုပ်ပွားတော်တွင် ပူဇော်ထားရှိသည့် ရွှေများအား ခွာယူကာ ရုပ်ပွားတော်အား ပခုက္ကူဘူတာအနီး စွန်လွန်းရွာမလှမ်းကမ်းတွင် ပစ်ချထားခဲ့ကြောင်း နွားကျောင်းသားသည် နွားများချိုသွေးသည့်နေရာတွင် ထူးခြားသည့်ရုပ်ပွားတော်အား တွေ့ရှိသဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ အပ်နှံရာ ဆရာတော်မှ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။ စည်သူရှင်ဘုရားဂေါပကအဖွဲ့ထံသို့ အကြောင်းကြား သဖြင့် သွားရောက်ကြည့်ရှုရာ မိမိတို့
ဘုရားမှန်သော်လည်း မသမာသူခိုးယူသွားစဉ်က ဇမ္ဗူ့သပြေရုပ်ပွားတော်အား ရိုက်ခွဲကာ ရွှေများယူသွားပြီး ရုပ်ပွားတော်အတွင်း ပူဇော်ထားရှိသည့် စည်သူရှင်ဘုရားရုပ်ပွားတော်သာ ကျန်ရှိသဖြင့် တရားတဘောင်ရင် ဆိုင်ကာ မိမိတို့ ပိုင်ဆိုင်သည့်ဘုရားပြန်လည်ရလိုကြောင်း တရားစွဲဆိုလျှောက်ထားကြသည်။ သက်ဆိုင်ရာနှင့် တရားရင်ဆိုင် နေစဉ်ကာလအတွင်း စည်သူရှင်ရုပ်ပွားတော်မြတ်သည် မူရင်းကိန်းဝပ်သီတင်းသုံးတော်မူရာ ပခန်းကြီး စည်သူရှင်ဘုရားဘက် သို့ မျက်နှာမူကာ သီတင်းသုံးတော်မူသည်ကို အင်္ဂလိပ်အရေးပိုင်မင်းကိုယ်တိုင်သိရှိကာ စည်သူရှင်ဘုရားအား ပြန်လည် ပင့်ဆောင်ခွင့်ပြုခဲ့သည် ဆိုသည်။ မသမာသူခိုးယူသွားပြီး ရိုက်ခွဲဖျက်ဆီးစဉ်က ဒဏ်ကြောင့် စည်သူရှင် ဘုရားရုပ်ပွားတော် ညာဘက်ဦးကင်းတွင် အနည်းငယ်အက်ကွဲသည့်ဒဏ်ရာ ရရှိခဲ့သည်ကို ယနေ့တိုင်မြင်တွေ့ရသည်။ စည်သူရှင်ဘုရားရုပ်ပွားတော် ပြန်လည် ဌာပနာ ပူဇော်ရန် အလှူခံရာ ရွှေငါးပိဿာသုံးဆယ့်ငါးကျပ်သားနှင့် ငွေသုံးပိဿာခွဲ ရရှိခဲ့ပြီး ငွေအား ဆင်ခံပုလ္လင်ထုလုပ်ပြီး ရွှေအား ရုပ်ပွားတော်တစ်ဆူထုလုပ်ကာ ပူဇော်ကြောင်း၊ ၄င်းနောက် စည်သူရှင်ရုပ်ပွားတော်အား ရဟန်းရှင်လူများဖူးမြော်မြင် တွေ့နိုင်ရန်အတွက် ဌာပနာ ပူဇော်ခြင်းမပြုပဲ ဂန္ဓာကုဋီတွင်သာ ပူဇော်ထားရှိခဲ့သည်။ နံနက် ၇ နာရီတွင် စည်သူရှင်ရုပ်ပွားတော်အား ဂန္ဓကုဋီအပြင်တွင် ပူဇော်ထားရှိပြီး ညနေ ၄ နာရီတွင် အတွင်းသို့ ပြန်လည်ပင့်ဆောင်ထားရှိသည်။ သိကြားမင်းကိုယ်တိုင် ထုလုပ်တော်မူခြင်း ၊ နတ်ပြည်တွင်သာရှိသည့် သရက္ခန်သားဖြင့် ထုလုပ်ခြင်း စသည့် ထူးကဲသည့်အရာများကို နောင်လာနောင်သားတို့ ဖူးမြင်တွေ့စေခြင်းငှာ ယင်းသို့ ပူဇော်ခံထားရှိခြင်း ဖြစ်သည်။
စည်သူရှင်ဘုရားရုပ်ပွားတော်အား ကျေးရွာဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ကာ အဓိဌာန် ဆုတောင်းမှုပြုကြသည်။ အဓိဌာန် ဆုတောင်းပြည့်သူများသည် စည်သူရုပ်ပွားတော်မြတ်အား ၄င်းတို့၏ လက်ဝတ်ရတနာ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြား လက်စွပ် ၊ လက်ကောက်၊ နားတောင်းများ ပူဇော်ထားရှိသည်ကိုလည်း ဖူးမြင်သဒ္ဓါပွားရသည်။ စည်သူရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် တန်ခူးလတွင်ကျင်းပပြုလုပ်ပြီး မဟာသင်္ကြန်ရက်များဖြစ်သည့် မဟာသင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ ၊ အတက်နေ့များသည့် ပွဲတော်ရက်များဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့တွင် စည်သူရှင်ဘုရားရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူရာ စေတီတော်ပရ၀ုဏ်အတွင်း ဆွမ်းတော်ကြီး လောင်းလှူပွဲအား ပခုက္ကူ၊ရေစကြိုမြို့ နယ်များမှ ကျေးလက်နှင့် မြို့ ပြနေပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လည်း စည်ကားသိုက်မြိုက်စွာ လာရောက် လှူဒါန်းလောင်းလှူကြောင်း တင်ပြလိုက်ပါသည်။
No comments:
Post a Comment