Thursday, January 2, 2014

`​ရေစကြို မြို့နယ်က သနပ်ခါး ပင်လယ်​´

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်သည် အပူပိုင်း မိုးနည်း ဒေသတွင် ပါဝင်ပြီး သဘာဝက ဖန်တီး ပေးထားသော တောတောင်ရေမြေ သဘာဝနှင့် အညီ ကုန်းပိုင်း ဒေသနှင့် ကျွန်းပိုင်း ဒေသတို့ အချိုးကျကျ ဖြစ် တည်နေကာ ဒေသ အနှံ့တွင် ပေါက်ရောက်နေသော မြန်မာ့ ရွှေထန်းပင်က ငါးသိန်းကျော်မျှ ရှိကြောင်း လေ့လာ သိရှိရသည်။
လွန်ခဲ့သော နှစ် ၅ဝ ကျော် ၆ဝ ခန့်ကာလက မြန်မာ့ ရွှေထန်းပင်ကို အကြောင်းပြု၍ ရေစကြို မြို့နယ်၏ ပထမ ဦးစားပေး ထိပ်တန်း စီးပွားရေး လုပ်ငန်းမှာ ထန်းလျက်လုပ်ငန်း ဖြစ်ခဲ့သည်။

မျက်မှောက် ကာလတွင် ရေစကြို မြို့နယ်၏ ပထမ ဦးစားပေး စီးပွားရေး လုပ်ငန်းမှာ သနပ်ခါး စိုက်ပျိုးရေး ဘက်ဆီ ဦးတည်လာလျက် ရှိနေသည်။ အချို့သော ပုဂ္ဂိုလ်များက သနပ်ခါး စိုက်ပျိုးရေး လုပ်ငန်းကို မီးခိုး မထွက်သော စက်ရုံဟုပင် တင်စား ပြောဆိုကြသည်။ အကြောင်းမှာ သနပ်ခါးစေ့ စုဆောင်း ရောင်းဝယ်ခြင်း၊ ပျိုးအိတ်ထည့်၊ ပျိုးထောင်၊ ပေါင်းသင် ရေလောင်း၊  ပျိုးပင်ရောင်းခြင်း၊ စိုက်ခင်းမြေပြင် ထွန်ယက်ခြင်း၊ အပင် စိုက်ပျိုးခြင်း၊ အပင် ပြု စုခြင်း၊ အပင် စောင့်ရှောက်ခြင်း၊ အပင် ဖာထေးခြင်း၊ ပေါင်းသင်မြေဆွ လုပ်ငန်းမှ အစ ဒေသခံ ထောင်ပေါင်း များစွာတို့ အလုပ်အကိုင် ရရှိနေကြ ခြင်းကြောင့် မီးခိုး မထွက်သော စက်ရုံဟု တင်စားပြော ကြားကြခြင်းဖြစ်သည်။

ပထမ ဦးစားပေး စီးပွားရေး လုပ်ငန်းဟု မှတ်ချက် ပြုရခြင်း အကြောင်းရင်းမှာ ယခုအခါ မြို့နယ်အတွင်း သနပ်ခါးစိုက် ဧကများသည် ထောင်ပေါင်းများစွာ စိုက်ပျိုးလျက် ရှိခြင်းကြောင့် လက်ညှိုးထိုး မလွဲ မျက်စိ တစ်ဆုံးမျှ ကျယ်ပြောလှသည့် အတွက် သနပ်ခါး ပင်လယ်ကြီး သဖွယ် ဖြစ်ထွန်းလျက် ရှိနေသည်။

ပိုင်ဆိုင်မှု အရ ကျွန်တော်သွားရောက် လေ့လာခဲ့သော သံပြာချောင်းရွာ ဆိုလျှင် လွန်ခဲ့သော နှစ် ၃ဝ ကာလလောက် ကတည်းက သနပ်ခါးကို အကြီးအကျယ် စိုက်ပျိုးခဲ့ကြ သလို သနပ်ခါးပင်၏ ကောင်းခြင်း လက္ခဏာ ဖြစ်သော အပွေးကောင်းခြင်း၊ အရောင်အဆင်း ကောင်းခြင်း၊ မာကျောခြင်း၊ အသွေးခံခြင်း၊ ရနံ့သင်းပျံ့ မွှေးကြိုင်ခြင်း စသည့် အင်္ဂါတို့နှင့် ပြည့်စုံခြင်းကြောင့် လူကြိုက်များကြောင်း သိရသည်။ ဤကဲ့သို့ သနပ်ခါး ပင်၏ ကောင်းခြင်း လက္ခဏာ များနှင့် ပြည့်စုံ နေရခြင်း အကြောင်း အရင်းမှာ သဘာဝက ဖန်တီးပေးထားသော မြေကြောင့် ဖြစ်သည်။ ထိုဒေသမှ မြေသည် မြေနီ ကျောက်စရစ်မြေ ဖြစ်ပြီး ရှားပင်၊ ဒဟတ်ပင်၊ ထနောင်းပင် များသာ ပေါက်ရောက်သည်။ ယခုအခါ ရှားတောများ နေရာတွင် သနပ်ခါးပင် များက နေရာယူ မင်းမူလျက် ရှိနေသည်။

အဆိုပါ ကျောက်စရစ် ကုန်းမြေတွင် ရာသီ သီးနှံလည်း စိုက်ပျိုး၍ မအောင်မြင်။ ထင်းအဖြစ် အသုံးပြုရန်  ရှားပင်၊ ဒဟတ်ပင်၊ ထနောင်းပင် တို့သာ မွေးထားခြင်း ဖြစ်သည်။ ဒေသခံများ လူမှုစီးပွား ဘဝဖွံ့ဖြိုးမှုကို အထောက်အကူ မပြုနိုင်။ ယခုတော့ ရှားတော နေရာတွင် သနပ်ခါး ပင်များ အစား ဝင်လာသဖြင့် ဒေသခံ များ၏ လူမှုစီးပွား ဘဝများလည်း ဖွံ့ဖြိုးလျက် သိသိသာသာ ပြောင်းလဲ တိုးတက်မှု များလာကြောင်း သိရသည်။

ထို့နောက် သနပ်ခါး ခြံပိုင်ရှင် တစ်ဦးက ''သဘာဝ သနပ်ခါးကို အခြေခံပြီး လိမ်းခြယ်စရာ အလှကုန် ပစ္စည်း အမျိုးမျိုး တီထွင်ထုတ်လုပ် လာကြတော့ သနပ်ခါးကလည်း ရောင်းတန်းဝင် ပစ္စည်း ဖြစ်လာပါတယ်။ ဒါကြောင့် သီးနှံစိုက်လို့ မအောင်မြင်တဲ့ မြေတွေ၊ ထင်းတောတွေ နေရာမှာ သနပ်ခါးပင် တွေကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုး နေကြပါတယ်။ အခုတော့ သဘာဝ ရာသီဥတု နဲ့လည်း ကိုက်ညီ၊ မြေသဘာဝ နဲ့လည်း အဆင်ပြေတဲ့ သနပ်ခါးကို စီးပွားဖြစ် စိုက်ပျိုးလာကြ သလို ဈေးကွက်ကလည်း ရှိနေတဲ့ အတွက် ဒေသခံ များရဲ့ လူနေမှု ဘဝတွေ သိသိသာသာ ပြောင်းလဲတိုးတက် နေပြီ ဖြစ်ပါတယ်''ဟု ပြောကြားသည်။

ဤသို့အားဖြင့် ရေစကြို မြို့နယ် အတွင်းက ထင်းအဖြစ် အသုံးချ၍ ရသော အပင်များသာ ပေါက်ရောက်သော ကျောက်စရစ် ကုန်းမြေများတွင် ယခုအခါ သနပ်ခါး ပင်များ စိုက်ပျိုး ကြခြင်းဖြင့် မြေအသုံးချ မှုလည်း မှန်ကန်၊ သဘာဝ ပတ်ဝန်းကျင်လည်း စိမ်းစိုမျှတ သာယာ လှပပြီး အထောက် အကူပြု၊ မြန်မာ့ သနပ်ခါးလည်း ကမ္ဘာကျော် လူသိများ၍ တတ်နိုင်သူ များက သနပ်ခါးပင် များကို အားထားစိုက်ပျိုး လာကြသည့် အတွက် ရေစကြို မြို့နယ်တွင် ထိပ်တန်း စီးပွားရေး လုပ်ငန်းတစ်ခု အသွင် ရပ်တည်လျက် ရှိနေသဖြင့် သနပ်ခါး ပင်လယ်ဟု  တင်စားဖွယ်ပင် ဖြစ်နေပါ တော့သည်။(Myawady News)

No comments:

Post a Comment