Monday, December 15, 2014
ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကုန်းမြေများ ဝယ်လိုအားတက်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ကျောက်ကုန်းမြေ များတွင် ရှင်မတောင်သနပ်ခါး စိုက်ပျိုးလိုသူများကြောင့် မြေဝယ် လိုအား သိသိသာသာမြင့်တက် လာကြောင်း ဒေသခံသနပ်ခါးစိုက် တောင်သူများက ပြောသည်။
‘‘အရင်တုန်းက ဝယ်သူမရှိ တဲ့ ကျောက်ကုန်းမြေတွေမှာ အနည်းဆုံးမြေတစ်ဧက ဆယ် သိန်းကနေ သိန်းငါးဆယ်ဝန်း ကျင်အထိ အရောင်းအဝယ်ဖြစ် လာတယ်။ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာက စီးပွားရေးလုပ်ငန်းရှင် တွေက တစ်ဦးကို မြေဆယ်ဧက ဝန်းကျင်အထိဝယ်ပြီး သနပ်ခါး စိုက်ပျိုးတာတွေရှိတယ်’’ဟု ရေ စကြိုမြို့နယ် မအူပန်းခြံရပ်ဒေသ ခံ ရှင်မတောင်သနပ်ခါးစိုက်ပျိုး ရေးလုပ်ငန်းရှင် ကိုစန်းလှိုင်က ပြောသည်။ ရှင်မတောင်သနပ်ခါးပျိုးပင်တစ်ပင်လျှင် ကျပ်ငါးဆယ်မှ ကျပ်တစ်ရာဝန်းကျင်ရှိပြီး ယခု နှစ်အတွင်း မုံရွာ-ရေစကြို-ပခုက္ကူ လမ်းတစ်လျှောက် တောင်ကုန်းတောင်တန်းများသာမက အနီး ဝန်းကျင်ရှိ တောင်တန်း ဒေသများရှိ ယာမြေများတွင်ပါ သနပ်ခါးစိုက်ပျိုးသူ ပိုမိုများပြား လာကြောင်း ရေစကြိုမြို့ဒေသခံများကပြောသည်။
လမ်းဘေး ယာမြေတစ်ဧက လျှင် ကျပ်သိန်းခုနစ်ဆယ်ဝန်း ကျင်ရှိရာမှ ယခုနှစ်တွင် ကျပ် သိန်း တစ်ရာဝန်းကျင်အထိ ဈေး မြင့်တက်ခဲ့သည်။
 ကျေးရွာ အနီးအဝေးပေါ် မူတည်၍ လမ်းဘေးသနပ်ခါးခြံ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာမှ ကျပ်သိန်း နှစ်ရာကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
 ရှင်မတောင် သနပ်ခါးကိုအမွှေးတိုင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှုများကြောင့် ဆယ်စုနှစ် တစ်ခုအတွင်း ရေစကြိုမြို့နယ် တောင်ကုန်းတောင်တန်း ကျောက်ကုန်းမြေများတွင် တိုးချဲ့စိုက်ပျိုးသူများပြားလာခြင်းဖြစ်ကြောင်း ရှင်မတောင် သနပ်ခါးစိုက်ပျိုးသူများက သုံးသပ်ပြောသည်။
(Credit to 7day News)
Wednesday, March 26, 2014
ရေစကြိုထန်းသီးမုန့်​ရဲ့ လျှို့ဝှက်​ချက်
ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။ မန္တလေးသူ၊ မန္တလေးသားတွေကလည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ယင်းနယ်ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ် ထိုဒေသထွက် အစားအစာလေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေးကတော့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှ ထွက်ရှိသည့် ရေစကြိုထန်းသီးမုန့်ပင်ဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင် ကြိုက်သည်မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင် စားဖူးသူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ ရေစကြိုထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူအချို့က ဆိုပြန်သည်။စားဖူးသူတိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြိုထန်းသီးမုန့် ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟုရေစကြိုထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါးဆယ်ထက် မနည်းတော့ဟု ဆိုကြသည်။ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလို စက်တွေတဝုန်းဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုးမဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်ရောင်းသူလည်းရှိသည်။ သူများလုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်းသူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြိုထန်းသီးမုန့်လုပ်ရန် ပထမဦးဆုံးအဆင့်အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန်လတ် ဆန်အမျိုးအစားနှင့် ဆန်ကြမ်းကို ငါးပြည်ခန့်စီရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ ဆန်တွေပွလာပြီဆိုလျှင်ကြိတ်စက်ဖြင့် ကြိတ်ရပါသည်။ ရလာသည့် မုန့်ဆန်အရည်မပျစ်မကျဲကို ထန်းလျက်အချိန်တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင် စပ်ရသည်။ ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်များအား လက်ဖြင့်ဖိကာ အရည်ထုတ်ရပါသည်။ အားလုံးပြီးပြီဆို ရောင်းမအကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့် အသားကျအောင် မွှေလိုက်ပြီဆိုရင်ဖြင့် အမြှုပ်များ ထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါက အုန်းမှုတ်ခွက်များကို မုန့်ရည်အတွင်း နှစ်ပေးထားရသည်။ မုန့်သားကောင်းအောင်အတွက်ဟု ဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ်ထားသည့် မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထားရပါသည်။ညဥ့်သန်းခေါင်ယံအချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီးမုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ်နေ၍မရပါ။ ညနေမှာ ဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော်ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲ ရေဖြည့်သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်းဖြင့် တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။ ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီကျော် စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်တွေ လောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်းလျှင် နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်ရပြီး အုပ်ဆောင်းအောက်ခြေ ပတ်ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကို ရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့တထောင်းထောင်းဖြင့် ထန်းသီးမုန့်လေးများ ရရှိလာပါပြီ။ တစ်ခါလုပ်လျှင် တစ်ဗန်းသာရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့် ဈေးသည်များသည်မို့ အားလုံးအတွက် လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာထန်းသီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များအောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီစစ်စစ်ပုတ်ကာ ညကကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ပြီး ကျွေးတတ်သည်။ ဈေးဝယ်သူကကြိုက်ပြီဆိုမှ အလိုရှိသလောက် နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။ ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယိုချောင်းလေးတွေ အုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီးနောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက် ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက်နုနုပေါ်တင်၊ သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့် ထည့်ပေးတတ်ပါသည်။အချို့ဈေးဝယ်သူတွေက ကလေးတွေ တစ်အုပ်လိုက်ကြီးလည်း လိုက်​ပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။အမြည်းတွေ ကိုယ်စီကျွေးပြီး ဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ ဈေးတွက်မတွက်တော့ပါ။ ‘‘မလှူနိုင် ဈေးရောင်းဆိုတဲ့အတိုင်း လှူတယ်ပဲ သဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်သူနဲ့ ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာလိုက်များများဝယ်တော့ အမြည်းနည်းနည်းသာ ကျွေးရသည့်အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာ ပေးတတ်ပါသေးသည်။ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။ ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက်လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြိုထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာ ဝှေ့ယမ်းလို့။ ပခန်းကိုကြီးကျော်ပွဲရောက် ရှမ်းပြည်နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့် ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်းလို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်က သူတို့ ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့် ပြောပြသည်။ ‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကို ထပ်လုပ်ပေးချင်တာ’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်းဝင်းခိုင်ကဆိုပါသည်။အချို့ကျတော့ ကိုယ်တိုင် ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေ လှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုးကွယ်သည့် ဆရာတော်ဘုရား၏မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေလည်းရှိသည်။ စားဖို့သက်သက် မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိ မှာကြသည်။ အဲဒီလိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့ အပေါ်ကဖြူးတဲ့အစာတွေကိုသတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ် နို့စိမ်းပါထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါဆိုရင်တော့ ပုံမှန်တစ်ပိဿာ နှစ်ထောင့်လေးရာပေမယ့်တစ်ပိဿာ သုံးထောင်လောက် ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ရေစကြိုမြို့ဝန်းကျင် ရွာအချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာမျိုးလည်းရှိသည်ဟု ထန်းသီးမုန့်လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုတွင်လည်း ရေစကြိုထန်းသီးမုန့်က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်းအသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေ ဆောက်နေသည်ဆိုပါက ဆောက်လုပ်ပေးမည့်လက်သမားအဖွဲ့ကို ရေစကြိုထန်းသီးမုန့် သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်တွေ တနင့်တပိုးကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါမျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟုထန်းသီးမုန့်သည် အမျိုးသမီးတစ်ဦးကဆိုပါသည်။မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာလူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုး မိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါ လွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။ ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစားအစာကို ဂုဏ်ယူစွာနဲ့ ကျွေးတတ်ကြသည်။ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေစကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန်ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေစကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေးလိုက်ရသေးတယ်’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝါဝါခိုင်ကပြောပြသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊တိုင်းတစ်ပါးအစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏ မည်သည့်အရပ်တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမော စားချင်နေသူတွေကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။
(Credit to 7Day News Journal)
Wednesday, January 29, 2014
လမင်းက အရှင်
ကြယ်​စင်​က ကို​ယ်​ဆိုပါ​တော့
မြေကမ္ဘာပတ်​ခြာဝိုက်​လို့
လိုက်​ပါ့မယ်​​နော။
နှင်းဆီက ကလျာ
ဆူးညှာက ကိုယ်​ဆိုပါ​တော့
ရွှေလိပ်​ပြာ​တောင်​ပံကားကို
တားပါ့မယ်​​နော။
ဗေဒါက သခင်
ရေပြင်​က ကိုယ်​ဆိုပါ​တော့
သောင်​မတင်​လိုရာကြွရ​အောင်
ဆောင်​ပါ့မယ်​​နော။
သို့​ပေမင့်
ကြွေပွင့်​က ချစ်​နှမ
အပင်​က ကိုယ်​သာလျှင်
ဖြစ်​ချင်​ဘူး ကိုယ်​​တွေး
ကြွေပင့်​ငယ်​ ချာချာဝဲ
လေထဲမှာ ပျံပျံကာ
သင်​လွင့်​ရာ ကိုယ်​မ​ကြွေနိုင်​ဘု
အထီးကျန်​မျက်​ရည်​စငယ်​နဲ့
လွမ်းရမယ်​​လေး
        ဆရာတင်​မိုး
မြို့ဝင်​လမ်း
Monday, January 20, 2014
ပ​ဝ​နေဂိုရ်​စနက်
စ​နေဂြိုဟ်​အထွက်
နေညိုညိုတစ်​ရက်​မှာ ​မေပျိုကိုဖက်​ကာ
ရေစကြိုထညက်​ရွာမှာ
လက်​ဖွာမယ်​ပ​လေး....
       ၂၀၀၃ခုနှစ်​ထုတ်​ ​ရေစကြိုမဂ္ဂဇင်းမှ
Tuesday, January 14, 2014
` အ​မေများ​နေ့´
ပြာသိုလပြည့်​ အ​မေများ​နေ့
Thursday, January 9, 2014
ရာဇဝင်​ထဲက ချင်းတွင်း​ရေစကြို
ရာဇဝင်ထဲက ချင်းတွင်းရေစကြို
------------------------------
ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းနံဘေး
ရေစကြိုမြို့လေးမှာ
ဂန္ထဝင်စာတွေရေးခဲ့တဲ့ အောင်လင်း(အရိုင်းစံပယ်)ကိုမွေးခဲ့တယ် . . .
ရေစကြိုမြို့လေးမှာ
အောင်သန်း၏အောင်ဆန်းကို ရေးခဲ့သူ
ဦးအောင်သန်း မြို့အုပ်လုပ်ခဲ့ဖူးတယ် . . .
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်း
အစ်ကို့အရိပ်ကို ခိုခဲ့ဖူးတယ် . . .
ရေစကြိုမှာ ခိုခဲ့ဖူးတယ် . . .
ချင်းတွင်းမြစ်ရဲ့ ဆည်းဆာအလှ
ပန်းတော်ပြင်ဆိပ်ကမ်းက
ရေမျောကမ်းတင် သစ်တုံးကြီးပေါ်မှာ
ညနေများစွာ ထိုင်ကြည့်ခဲ့ဖူးတယ် . . .
မြစ်ကမ်းနံဘေး ''အောင်မြေသာယာသူဌေးတိုက်ကြီး''ရဲ့ ခန့်ညားထည်ဝါမှုတွေကို
သူ့ဒိုင်ယာရီထဲမှာ မှတ်တမ်းပြုခဲ့တယ် ...
ကိုအောင်ဆန်း ဒိုင်ယာရီထဲကရေစကြို ...
ကိုအောင်ဆန်းနှလုံးသားထဲက ရေစကြို ...
သမိုင်းထဲက ရေစကြို ...
ပခန်းဦးမင်းကျော် ရေကိုစ-ကြိုခဲ့တဲ့ ရေစကြို ...
ဘိုရုံဆိပ်မှာ ဘိုမကြီးကိုလက်ဆွဲ
သင်္ဘောပေါ်ကဆင်းလာတဲ့
'ဆာပေါ်ထွန်း'ကို သောင်းသောင်ဖြဖြ
သံပုံးတီး ဆန္ဒပြခဲ့ကြတဲ့ ရေစကြို ...
ရာဇဝင်မှာ
မော်တင်ဂရက်လို့ နာမည်ထွက်ခဲ့တဲ့ ရေစကြို ...
သခင်မော်တင်တို့ သခင်လှမောင်တို့ရဲ့ ရေစကြို ...
အလံနီမြို့တော်လို့ နာမည်ကျော်တဲ့ ရေစကြို ...
စာရေးဆရာ ရေစကြိုညွန့်အောင်တို့l ဆရာတင်မိုးတို့
ကျောင်းသားအမတ်'ကိုကျော်'တို့ရဲ့ ရေစကြို ...
သားအရင်းက ပြန်သတ်ခံခဲ့ရတဲ့ ပန်းတော်ပြင်ရပ်သား
(ဗ.က.ပ)ရဲဘော်ဋ္ဌေးရဲ့ ဇာတိရေစကြို ...
ဆေးလိပ်လည်းတို နေလည်းညိုပြီl ငါ့ကို ... ဆိုတဲ့
ဆရာတင်မိုးရဲ့ ရေစကြို ...
အမေရိကန်ကပြန်ရောက်ရင် ရေစကြိုကို ငါပြန်လာခဲ့မယ်လို့
ဆရာမောင်နီဆန်းကို မှာသွားခဲ့ပြီး
နေညိုပေမယ့် ပြန်မရောက်နိုင်တော့တဲ့ရေစကြို ...
လွတ်လပ်ရေးရပြီးရင် တစ်ကျော့ပြန် ပြန်လာဖို့
ဒိုင်ယာရီမှာ တေးမှတ်ထားခဲ့ပေမယ့်
ဗိုလ်ချုပ်အောင်ဆန်း ပြန်မရောက်နိုင်တော့တဲ့ ရေစကြို ...
၈၈-ခုနှစ်တွေ့ရတုန်းက
ဖေဖေ့ဒိုင်ယာရီထဲက ဖတ်ဖူးတဲ့ ရေစကြိုကို
တစ်ခေါက်တစ်ခါ လာရောက်ချင်တယ်ဆိုခဲ့ပေမယ့်
အကြောင်းမသင့် အခွင့်မသာလို့
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာနိုင်သေးတဲ့ ရေစကြို ...
ချင်းတွင်းသားတွေ
စုံခဲ့တဲ့l ဆန်ခဲ့တဲ့ ရေစကြို ...
ဘယ်ခါမဆို ချိုစေမြစေတဲ့ ချင်းတွင်းရေချိုချို
နေညိုညို အိုလေလှလေ လှနေတဲ့ ချင်းတွင်းရေစကြို ...။
မောင်သန်းဆွေ(အညာမြေ)
၉.၉.၂၀၁၃
ရာဇဝင်​ထဲက ပထမဆုံးများ
ရာဇ၀င်ထဲက ပထမဆုံးများ
================
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ=
ဒေါက်တာ တင်လှိုင်
၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်
  (SSMTT)
Thursday, January 2, 2014
`​ရေစကြို မြို့နယ်က သနပ်ခါး ပင်လယ်​´
မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်သည် အပူပိုင်း မိုးနည်း ဒေသတွင် ပါဝင်ပြီး သဘာဝက ဖန်တီး ပေးထားသော တောတောင်ရေမြေ သဘာဝနှင့် အညီ ကုန်းပိုင်း ဒေသနှင့် ကျွန်းပိုင်း ဒေသတို့ အချိုးကျကျ ဖြစ် တည်နေကာ ဒေသ အနှံ့တွင် ပေါက်ရောက်နေသော မြန်မာ့ ရွှေထန်းပင်က ငါးသိန်းကျော်မျှ ရှိကြောင်း လေ့လာ သိရှိရသည်။
လွန်ခဲ့သော နှစ် ၅ဝ ကျော် ၆ဝ ခန့်ကာလက မြန်မာ့ ရွှေထန်းပင်ကို အကြောင်းပြု၍ ရေစကြို မြို့နယ်၏ ပထမ ဦးစားပေး ထိပ်တန်း စီးပွားရေး လုပ်ငန်းမှာ ထန်းလျက်လုပ်ငန်း ဖြစ်ခဲ့သည်။
မျက်မှောက် ကာလတွင် ရေစကြို မြို့နယ်၏ ပထမ ဦးစားပေး စီးပွားရေး လုပ်ငန်းမှာ သနပ်ခါး စိုက်ပျိုးရေး ဘက်ဆီ ဦးတည်လာလျက် ရှိနေသည်။ အချို့သော ပုဂ္ဂိုလ်များက သနပ်ခါး စိုက်ပျိုးရေး လုပ်ငန်းကို မီးခိုး မထွက်သော စက်ရုံဟုပင် တင်စား ပြောဆိုကြသည်။ အကြောင်းမှာ သနပ်ခါးစေ့ စုဆောင်း ရောင်းဝယ်ခြင်း၊ ပျိုးအိတ်ထည့်၊ ပျိုးထောင်၊ ပေါင်းသင် ရေလောင်း၊  ပျိုးပင်ရောင်းခြင်း၊ စိုက်ခင်းမြေပြင် ထွန်ယက်ခြင်း၊ အပင် စိုက်ပျိုးခြင်း၊ အပင် ပြု စုခြင်း၊ အပင် စောင့်ရှောက်ခြင်း၊ အပင် ဖာထေးခြင်း၊ ပေါင်းသင်မြေဆွ လုပ်ငန်းမှ အစ ဒေသခံ ထောင်ပေါင်း များစွာတို့ အလုပ်အကိုင် ရရှိနေကြ ခြင်းကြောင့် မီးခိုး မထွက်သော စက်ရုံဟု တင်စားပြော ကြားကြခြင်းဖြစ်သည်။
ပထမ ဦးစားပေး စီးပွားရေး လုပ်ငန်းဟု မှတ်ချက် ပြုရခြင်း အကြောင်းရင်းမှာ ယခုအခါ မြို့နယ်အတွင်း သနပ်ခါးစိုက် ဧကများသည် ထောင်ပေါင်းများစွာ စိုက်ပျိုးလျက် ရှိခြင်းကြောင့် လက်ညှိုးထိုး မလွဲ မျက်စိ တစ်ဆုံးမျှ ကျယ်ပြောလှသည့် အတွက် သနပ်ခါး ပင်လယ်ကြီး သဖွယ် ဖြစ်ထွန်းလျက် ရှိနေသည်။
ပိုင်ဆိုင်မှု အရ ကျွန်တော်သွားရောက် လေ့လာခဲ့သော သံပြာချောင်းရွာ ဆိုလျှင် လွန်ခဲ့သော နှစ် ၃ဝ ကာလလောက် ကတည်းက သနပ်ခါးကို အကြီးအကျယ် စိုက်ပျိုးခဲ့ကြ သလို သနပ်ခါးပင်၏ ကောင်းခြင်း လက္ခဏာ ဖြစ်သော အပွေးကောင်းခြင်း၊ အရောင်အဆင်း ကောင်းခြင်း၊ မာကျောခြင်း၊ အသွေးခံခြင်း၊ ရနံ့သင်းပျံ့ မွှေးကြိုင်ခြင်း စသည့် အင်္ဂါတို့နှင့် ပြည့်စုံခြင်းကြောင့် လူကြိုက်များကြောင်း သိရသည်။ ဤကဲ့သို့ သနပ်ခါး ပင်၏ ကောင်းခြင်း လက္ခဏာ များနှင့် ပြည့်စုံ နေရခြင်း အကြောင်း အရင်းမှာ သဘာဝက ဖန်တီးပေးထားသော မြေကြောင့် ဖြစ်သည်။ ထိုဒေသမှ မြေသည် မြေနီ ကျောက်စရစ်မြေ ဖြစ်ပြီး ရှားပင်၊ ဒဟတ်ပင်၊ ထနောင်းပင် များသာ ပေါက်ရောက်သည်။ ယခုအခါ ရှားတောများ နေရာတွင် သနပ်ခါးပင် များက နေရာယူ မင်းမူလျက် ရှိနေသည်။
အဆိုပါ ကျောက်စရစ် ကုန်းမြေတွင် ရာသီ သီးနှံလည်း စိုက်ပျိုး၍ မအောင်မြင်။ ထင်းအဖြစ် အသုံးပြုရန်  ရှားပင်၊ ဒဟတ်ပင်၊ ထနောင်းပင် တို့သာ မွေးထားခြင်း ဖြစ်သည်။ ဒေသခံများ လူမှုစီးပွား ဘဝဖွံ့ဖြိုးမှုကို အထောက်အကူ မပြုနိုင်။ ယခုတော့ ရှားတော နေရာတွင် သနပ်ခါး ပင်များ အစား ဝင်လာသဖြင့် ဒေသခံ များ၏ လူမှုစီးပွား ဘဝများလည်း ဖွံ့ဖြိုးလျက် သိသိသာသာ ပြောင်းလဲ တိုးတက်မှု များလာကြောင်း သိရသည်။
ထို့နောက် သနပ်ခါး ခြံပိုင်ရှင် တစ်ဦးက ''သဘာဝ သနပ်ခါးကို အခြေခံပြီး လိမ်းခြယ်စရာ အလှကုန် ပစ္စည်း အမျိုးမျိုး တီထွင်ထုတ်လုပ် လာကြတော့ သနပ်ခါးကလည်း ရောင်းတန်းဝင် ပစ္စည်း ဖြစ်လာပါတယ်။ ဒါကြောင့် သီးနှံစိုက်လို့ မအောင်မြင်တဲ့ မြေတွေ၊ ထင်းတောတွေ နေရာမှာ သနပ်ခါးပင် တွေကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုး နေကြပါတယ်။ အခုတော့ သဘာဝ ရာသီဥတု နဲ့လည်း ကိုက်ညီ၊ မြေသဘာဝ နဲ့လည်း အဆင်ပြေတဲ့ သနပ်ခါးကို စီးပွားဖြစ် စိုက်ပျိုးလာကြ သလို ဈေးကွက်ကလည်း ရှိနေတဲ့ အတွက် ဒေသခံ များရဲ့ လူနေမှု ဘဝတွေ သိသိသာသာ ပြောင်းလဲတိုးတက် နေပြီ ဖြစ်ပါတယ်''ဟု ပြောကြားသည်။
ဤသို့အားဖြင့် ရေစကြို မြို့နယ် အတွင်းက ထင်းအဖြစ် အသုံးချ၍ ရသော အပင်များသာ ပေါက်ရောက်သော ကျောက်စရစ် ကုန်းမြေများတွင် ယခုအခါ သနပ်ခါး ပင်များ စိုက်ပျိုး ကြခြင်းဖြင့် မြေအသုံးချ မှုလည်း မှန်ကန်၊ သဘာဝ ပတ်ဝန်းကျင်လည်း စိမ်းစိုမျှတ သာယာ လှပပြီး အထောက် အကူပြု၊ မြန်မာ့ သနပ်ခါးလည်း ကမ္ဘာကျော် လူသိများ၍ တတ်နိုင်သူ များက သနပ်ခါးပင် များကို အားထားစိုက်ပျိုး လာကြသည့် အတွက် ရေစကြို မြို့နယ်တွင် ထိပ်တန်း စီးပွားရေး လုပ်ငန်းတစ်ခု အသွင် ရပ်တည်လျက် ရှိနေသဖြင့် သနပ်ခါး ပင်လယ်ဟု  တင်စားဖွယ်ပင် ဖြစ်နေပါ တော့သည်။(Myawady News)