Saturday, April 4, 2015

ထန်းပင်ရိပ်

ထန်းပင်ရိပ်
***********
ထန်းရွက်သံ ပတ္တလားနဲ့ 
ထန်းရည်ခါး သောက်ရအောင်
ဝါးခေါက်ကြ မောင် ။

ထန်းသမား အသားချောင်
မြှောင်ပြီကွယ့် ခါးတောင်း ။

ရှဉ့် ငှက် ကျင်လည်စွာသို့
တပင်ခွာ တပင်တက်
လျှပ်လက်သို့ လည်းကောင်း ။

ငှက်ခါးတောင် စိမ်းမြမြနဲ့
ပင်ကျရည် ခေါင်းပေါင်းဖြူ ။

ပဲကြီးလှော် တကတော့နဲ့
မော့စို့ အတူ ။

ယူခဲ့ပော့ တမြူ နှစ်မြူ
မွှေးကြူလို့သင်း ။

ထန်းရိပ်ညို တနေခိုလို့
ဘ၀ကို မေ့ပျော်ကြူး
မူးစို့ သူငယ်ချင်း ။

ထန်းလျက်ချို ဖိုနံဘေးက
ခွေးကလေး ညိုပြာရောင်
ဝဲယားလို့ ပောာင် ။

တို့တတွေ ထန်းရည်မူးကို
ချီးကျူးတဲ့ တေးသံယောင်
အမောင်ငဲ့ ကြားပါစ ။

မျက်မှေး ရီတီတီနဲ့
နေနီနီ အစွယ်ကျိုး
မိုးချုပ်ပြီလော့ ။

ထန်းတောပြန် သေသောက်ကြူး
အမူးက မပြေ့တပြေ
နတ်ဝင်သည်တွေ ။

ယစ်ရွှေရည် သူရာနှိုးလို့
ပုဆိုးစ ခါးပုံရှည်
ခုနှစ်ထွေ အက ။

တေးချင်း အသံကျယ်ကြောင့်
တဲပျက်ငယ် အ၀င်ဝက
ဆီးကြိုကာ တွဲပါရ
မယ်မင်းကြီးမ ။

တင်မိုး
၂၇ . ၇ .၁၉၆၀

ထန်းသမားတို့၏ လူမှုဘဝပုံရိပ်များ

ထန်းသမားတို့၏ လူမှုဘဝပုံရိပ်များ
••••••••••••••••••••••••••••••••••••••••
'နွေဦးကာလ မြူထသောအခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထမ်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး'ဟူ၍ ဝန်ကြီး ပဒေသရာဇာ စပ်ဆိုခဲ့
သည့် ထန်းသမား ဘဝကဗျာကား ယနေ့ထက်ထိတိုင် ထင်ဟပ်နေဆဲပင် ဖြစ်သည်။

ထန်းပင်များကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် အများဆုံးတွေ့ရပြီး ကျောက်ပန်းတောင်း၊ မုံရွာ၊ ပခုက္ကူ စသည့်မြို့များတွင် အများဆုံးစိုက်ပျိုးပြီး ထန်းတက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြသည်။ စူးရှတောက်ပလှသည့် နေရောင်အောက်တွင် ထန်းပင်တန်းများက မျက်စိတဆုံး။ ဤသည်မှာလည်း အညာဒေသ၏မျက်စိပသာဒစွဲဆောင်မှုပင်ဖြစ်ပြီး အညာဒေသ၏ ထန်းအလှများပင်ဖြစ်ပါသည်။ ထန်းပင်များအကြား ထန်းသမားတို့၏ လှုပ်ရှားမှုပုံရိပ်များကလည်း မြန်မာတို့၏ လှပသော ပန်းချီကား များပင် ဖြစ်ပါသည်။

ဆောင်းကုန်ခါစ နွေဦးကာလမှစ၍ ထန်းသမားတို့ အလုပ်များကြရပြီး ထန်းပင်များအကြား နေပူပူ၊ မိုးရွာရွာ ဘဝဝမ်းစာအတွက် ကြိုးစားရုန်းကန်လှုပ်ရှားကြရသည်။ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တခူး၊ ကဆုန်လတို့သည်ထန်းလျက်လုပ်ငန်း အတွင်ကျယ်ဆုံးအချိန် ဖြစ်သလို ထန်းသမားတို့လက်ဝယ် ငွေရွှင်ငွေလန်းသည့် ကာလဟုဆိုလျှင် မမှားနိုင်ပါ။ထန်းပင်စိုက်ပြီး ကိုယ်တိုင်ထန်းတက်သူများ ရှိသလို ထန်းပင်မဲ့လက်လုပ်လက်စား ထန်းသမားများက ပို၍များမည်ဖြစ်သည်။ ယောက်ျားဖောင်စီးရာတွင်လည်းကောင်း၊ မိန်းမမီးဖွား ရာတွင်လည်းကောင်း အန္တရာယ်များပုံကို'ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ'ဆိုသကဲ့သို့ ထန်းသမားဘဝသည်လည်း အခန့် မသင့်လျှင် အသက်အန္တရာယ်ဖြင့် ကြုံတွေ့ရနိုင်ပြီး ဒုက္ခိတဘဝရောက်ရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည်။

ထန်းပင်တွင် ထန်းဖိုနှင့် ထန်းမ နှစ်မျိုးရှိပြီးထန်းပင်နှစ်မျိုးစလုံးမှ ထန်းရည်ထုတ်ယူနိုင်သည်။ ထန်းဖိုပင်တွင် ထန်းနို့ချောင်းမှ ထန်း ရည်ရယူနိုင်ပြီး ထန်းမပင်ရှိ ထန်းသီးခိုင်မှထန်းရည်ကို ရယူသည်။ ထန်းတက်မည်ဆိုလျှင် ကာယအားအပြင် ထန်းရည်ထည့်ရန် မြူအိုး၊ ကြိုးနှင့် ထန်းတက်လှေကားနှင့် ထန်းလှီးဓားတို့ကို ပထမဦးစွာ အရင်းအနှီး အဖြစ် အသုံးပြုကြရမည်။ ထန်းရည်ကို ထန်းလျက်ချက်ရန်အတွက် ဒယ်အိုးနှင့် ထင်းကလည်း မရှိမဖြစ် လိုအပ်သည်။
ထန်းတက်သမားသည် နံနက်လင်းသည်နှင့် ထန်းတက်ရန်ပြင်ဆင်ကြရပြီး ထန်းမတက်မီဝမ်းအရင် ဖြည့်ကြရသည်။စာရေးသူကြုံတွေ့ခဲ့သည့်ထန်းသမားမိသားစု၏ နံနက် စာမှာ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများ၏ နံနက်ခင်းစာနှင့်မတူ၊ တစ်မူထူးခြားပုံမှာ ထမင်းကြမ်းခဲကို ထန်းရည်ဖြင့် မြိန်ရေယှက်ရေစားသုံးပြီး ဆာလောင်မှုကို ဖြည့်တင်းလိုက်ကြသည်။၎င်းတို့၏နံနက်ခင်းစာကိုမြို့မှဟန်ဘာဂါ၊ ဂျေဒိုးနက်တို့ဖြင့်လဲလျှင် တောင်ရမည့်ပုံမပေါ်။ နေ့စဉ်စားသုံးလာသည့်မိရိုးဖလာယဉ်ကျေးမှုစားသောက်မှုပုံစံဖြစ်၍ နတ်သုဒ္ဓါဖြင့် မလဲနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဝမ်းစာဖြည့်တင်းအပြီးနံနက်ခင်းထန်းတက်လုပ်ငန်းခွင်ဝင်သည်နှင့် မြူအိုးနှင့်ဓားအိမ်ကို ခါးတွင်ချိတ်လျက် ထန်းပင်ပေါ်သို့ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တက်ကြရသည်။ ထန်းတစ်ပင်ကို နှစ်ကြိမ်တက်ရသော်
လည်း ထန်းအငှားတက်သူများဆိုလျှင် အပင်ပေါင်းမရေနိုင်ဘဲ တစ်ပင်ပြီးတစ်ပင် တက်ချီဆင်းချီဖြင့် မမောနိုင် မပန်းနိုင်။ ထန်းသမား ယူလာသည့် ထန်းမြူအိုးကို အပင်အောက်ရောက်သည်နှင့် မဆိုင်းမတွဘဲ အသင့်ရှိနေသည့် ဇနီးသည်က ထန်းလျက်ချက်သည့်တဲသို့ သယ်သွားသည်။

ထန်းသမားက သက်စွန့်ဆံဖျား ထန်းတက်ပြီး ရရှိသည့်ထန်းရည်ကို ဇနီးသည်ကလည်း မောင်တစ်ထမ်းမယ်တစ်ရွက်ဖြင့်တက်ညီလက်ညီ ပြုလုပ်ကြရသည်။စုဆောင်းရရှိလာသော ထန်းရည်များကို ထန်းလျက်ချက် သည့် ဒယ်အိုးထဲထည့်၍ မီးဖြင့်ကျိုရသည်။ နေ့စဉ်မီးဖြင့် ကျိုရသဖြင့် တော်ရုံထင်းဖြင့် မသုံးနိုင်ဘဲ ယာတောမှ ထွက်ရှိသည့် ပြောင်းရိုး၊ မြေပဲခွံ၊ နွားချေး၊ သစ်ရွက်အခြောက် စသည်များကို စုဆောင်းထားရှိကြရသည်။ ကျိုချက်ပြီးညောင်စီးကျချိန်တွင် မီးဖိုပေါ်မှ ဒယ်အိုးကိုချ၍ မအေးသွားခင် ပူပူလောင်လောင်မှာပင် လက်ဖြင့် ထန်းလျက်ခဲများ ဖြစ်ရန် ပုံဖော်ကြရတော့သည်။

ထန်းသမားတို့ တစ်နေ့တာ ပင်ပင်ပန်းပန်းရှာဖွေရရှိသည့်ဝင်ငွေဖြင့် တစ်နေ့တာထွက်ငွေကို ချင့်ချိန်သုံးစွဲကြရသည်။ ထန်းလျက်ချက်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လျော့နည်းလာမှုကြောင့်ထန်းလျက်အထွက်နှုန်းမှာလည်း လျော့နည်းလာလျက်ရှိသည်။ ထန်းသမားတို့ကို မှီခိုနေရသည့် ထန်းလျက်ပွဲရုံများမှာလည်း ညည်းတွား မှုများရှိလာကြသည်။ယနေ့ထန်းလျက်ဈေးသည်ယခင်နှစ်များကထက် ဈေးအနည်းငယ်တက်လာသဖြင့်ထန်းသမားတို့၏ မျှော်လင့်ချက်လေးများရှင်သန်နိုးထစပြုလာသည်။

ထန်းလျက်ကို မြန်မာ့ရိုးရာအစားအစာအဖြစ် မုန့်အမျိုးမျိုးပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုသကဲ့သို့ ကျန်းမာရေးအတွက်လည်း ပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ပြင် ပြည်ပပို့ကုန်တစ်မျိုးဖြစ်လာသည်ကိုလည်းသိရသည်။ ထန်းလျက်သည် မြန်မာ့ ရိုးရာသဖွယ်စားသုံးကြသည့် စားစရာတစ်မျိုးဖြစ်သဖြင့် နိုင်ငံ၏ ထွက်ကုန်ဖြစ်သည့် ထန်းလျက်လုပ်ငန်း ကွယ်ပျောက်မသွားရန် အရေးကြီးပါသည်။

ယနေ့တွင် ခေတ်မီပြောင်းလဲလာသောလူနေမှုပုံစံနှင့်အတူဘိုးဘွားအမွေအနှစ် ထန်းပင်များကိုစွန့်ခွာ၍အခြားအရပ်ဒေသများသို့သွားရောက်စီးပွားရှာလာကြသည်။ လူငယ်များမှာ နိုင်ငံရပ်ခြားသို့ပင် သွားရောက်အလုပ်လုပ်ကိုင်သူ များလာရာ ထန်းတောအချို့မှာ ထန်းတက်မည့်သူများ မရှိတော့ဘဲ ထန်းပင်များမှာ အလဟဿဖြစ်နေသည်။ အငှားထန်းတက်သမားများ ရှားပါးလာသကဲ့သို့ထန်းပိုင်ရှင်များကလည်းထန်းပင်မှထန်းရည်မထုတ်ယူတော့ဘဲ ထန်းသီးခိုင်များကိုသာခုတ်ယူပြီး နွားစာအဖြစ် အသုံးပြု ကြတော့သည်။ တချို့မှာ သက်တမ်းရင့်သော ထန်းပင်များကို ခုတ်လှဲ၍ သစ်အဖြစ် အိမ်ဆောက်ရာတွင် အသုံးပြုလာကြသည်။

ထန်းတက်သမားရှားပါးလာမှု၊ထန်းပင်ပိုင်ရှင်များကလည်းထန်းလျက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုကြတော့ပေ။ထို့ထက်ဆိုးသည်မှာ သက်တမ်းရင့်ထန်းပင်များကို သစ်အဖြစ်ခုတ်လှဲနေမှုတို့ကြောင့်
သစ်ပင်များလျော့နည်းလာကာ ပူပြင်းမှုဒဏ်ကို ပိုမိုခံစားရနိုင်သလို အညာဒေသမှ ထန်းသမားတို့၏ ဘဝပုံရိပ်များ ပျောက်ကွယ်သွားလေ မလားဟုပင် စာရေးသူစိတ်ထဲတွင် တွေးရင်... တွေးရင်း။ ။

ဇာဇာ

Friday, April 3, 2015

အလောင်းစည်သူမင်းတည်ထားကိုးကွယ်သည့် ပခန်းကြီးမြို့ ဟောင်းမှ စည်သူရှင်ဘုရား

အလောင်းစည်သူမင်းတည်ထားကိုးကွယ်သည့် ပခန်းကြီးမြို့ ဟောင်းမှ စည်သူရှင်ဘုရား
==========================================

ပခုက္ကူခရိုင် ၊ရေစကြိုမြို့ နယ်၊ ပခန်းကြီးကျေးရွာ ( ပခန်းကြီးမြို့ ဟောင်း ) တွင် သက္ကရာဇ် ၄၈၀ ခုနှစ် နယုန်လဆန်း ၁၂ ရက် နေ့တွင် စေတီတော်တစ်ဆူတည်ထားပြီး စည်သူရှင်ဘုရားအား အလောင်းစည်သူမင်းကြီး ကိုးကွယ်တော်မူခဲ့ကြောင်းသိရသည်။ စည်သူရှင်ဘုရားသည် ဆင်တစ်ဆယ့်ငါးစီးခံ ရုပ်ပွားတော်မြတ်ဖြစ်ပြီး သိကြားမင်းဆက်သသော သရက္ခန်သားဖြင့် ထုလုပ်ပူဇော် ခြင်းဖြစ်ပြီး ဘုရားသမိုင်းကြောင်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စည်သူရှင်းဘုရားသမိုင်းနှင့်အတူ တစ်နေရာတည်းတွင်သီတင်းသုံးတော်မူသည့် ရှင်မတောင်၊ မြတ်ပေါင်းမဉ္ဇူ၊ဒက္ခိဏသာခါ ဘုရားများ၏ သမိုင်းကြောင်းသည့် စိတ်ဝင်စားဖွယ်ဆက်စပ် ဖြစ်ပေါ်ခဲ့ရာ ဗဟုသုတတိုးပွားကြည်ညိုသဒ္ဓါပွားလျက် အများပြည်သူအကျိုးငှာလေ့လာမိပါသည်။
ပုဂံထီးနန်းအား သက္ကရာဇ် ၄၅၄ ခုနှစ်တွင် စိုးစံတော်မူသည့် အလောင်းစည်သူမင်းတရားသည် လူ့ပြည်တွင်မက နတ်ပြည် တွင် သာသနာပြုရန်ရည်ရွယ်ချက်ဖြင့် ဖောင်စင်္ကြာဖြင့် မြင့်မိုရ်တောင်ထိပ်ရှိ တာဝတိံသာနတ်ပြည်သို့ သွားရောက်ရန်ကြိုးစား အားထုတ်သည်တွင် နတ်ပြည်သို့  လူသားတို့ မရောက်ထိုက်သဖြင့် သိကြားမင်းသည် အဘိုးအိုအသွင် ဖန်ဆင်း၍ တားမြစ် တော်မူသည်။ နတ်ပြည်တွင် ထက် လူ့ပြည်တွင် သာသနာပြုခြင်းမှာ ပို၍သာလွန်မွန်ုမြတ်ကြောင်း အလောင်းစည်သူမင်းကြီး နားဝင်တော်မူ၍ ပြန်လှည့်တော်မူစဉ် သိကြားမင်းသည် မင်းကြီးလူပြည်၌ သာသနာပြုနိုင်ရန်အတွက် နတ်ပြည်ရှိ နတ်ဘီလူးတို့ စောင့်ရှောက်အပ်သော သရက္ခန်ပင်၏ အနှစ်အတုံးနှင့် ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော် ၁၂ဆူကို ဆက်သသည်။ မင်းကြီး လည်း သိကြားမင်း၏ရည်ရွယ်ချက်အတိုင်း သရက္ခန်အနှစ်အား ဘုရားရုပ်ပွားတော်ထုလုပ်စေရာ သိကြားမင်းကိုယ်တိုင် မင်းကြီး ၏ လက်လေးသစ်ပမာဏဥာဏ်တော် ရုပ်ပွားတော်ငါးဆူထုလုပ်တော်မူသည်။ မင်းကြီးက ဥာဏ်တော်သေးငယ်သည်ဟုဆိုရာ သိကြားမင်းလည်း ဥာဏ်တော်တစ်တောင်ရှိ ဇမ္ဗူ့သပြေရုပ်ပွားတော်ငါးဆူတွင် သရက္ခန်ရုပ်ပွားတော်နှင့် ဓာတ်တော် နှစ် ဆူကျစီ ဌာပနာထည့်သွင်းပူဇော် ဆက်သသည်။
ထိုနောက်ကျန် ဓာတ်တော်နှစ်ဆူအား ရုပ်ပွားတော်များထုလုပ်ရာမှ ရရှိသည့် စူးစာဆောက်စာများနှင့်မံ ဘုရားပြုလုပ်ထားသည့် မြတ်ပေါင်းမဉ္ဇူဘုရားကို သိကြားမင်းက ဆက်သပြန်သည်။ အလောင်းစည်သူမင်းကြီးသည် ဥာဏ်တော်များသေးငယ်လွန်းသည် ဟု 
ထပ်မံညည်းညူသဖြင့် ကျွန်းဦးစောင့်နတ်ဆက်သသော ဆင်ရေသဏ္ဍာန်ရှိသောရှိ သစ်သားများကို ဆင်ခံပုလ္လင်များပြုလုပ် ကာ ရုပ်ပွားတော်များကို အနေသင့်တင့်အောင်ပြုသည်။ ဆင်ခံရုပ်ပွားတော်များအား ဆင်မယာဉ်သာများတွင် တင်၍ အဓိဌာန်ဆု တောင်း၍ လွှတ်တော်မူရာ ပခန်းကြီးမြို့ တောင်ဘက်ရှိ က္ကဒ္ဓိ၀ိဒ တောင်တွင် ဆင်မ ရပ်တန့်သဖြင့် မင်းကြီးမှ ငါ့အရှင် ဤနေရာ တွင် ကိန်းဝပ်တော်မူရတော်မည်ဟု မိန့်တော်မူသည်ကို အစွဲပြု၍ စည်သူရှင်ဘွဲ့အမည်ရသည့် ဆင်တစ်ဆယ့်ငါးစီးခံရုပ်ပွားတော် မြတ်အား စေတီတစ်ဆူတည်ထားပြီး ကိုးကွယ်တော်မူသည်။ တတိယဆင်မယဉ်သာသည် ပခန်းကြီးမြို့ အနောက် ရှင်တောင်မ တွင်ရပ်တန့်တော်မူရာ ဆင်တစ်ဆယ့်သုံးစီးခံရုပ်ပွားတော်မြတ်အား သက္ကရာဇ် ၄၈၁ တန်ဆောင်မုန်းလ ၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်တော်မူသည်။ဆဌမဆင်မယာဉ်သာသည်ပခန်းကြီးမြို့ အနောက်တောင်ရပ်အရိယဓမ္မဿ၊ ဓမ္မရာသီ၏ ရွှေဥမင် ကျောင်းတိုက်၌ ရပ်တန့်သဖြင့် ဆင်တစ်ဆယ့်စီးခံမြတ်ပေါင်းမဉ္ဇူရုပ်ပွားတော်အား သက္ကရာဇ် ၄၈၁ ခုနှစ် ပြာသိုလတွင် လိုဏ်ဂူ သွင်းကာ ဆရာတော်မှ ကိုးကွယ်တော်မူသည်။ ယခုအခါ ရှင်မတောင်ရုပ်ပွားတော် နှင့် မြတ်ပေါင်း မဉ္ဇူရုပ်ပွားတော်များသည် စည်သူရှင်ရုပ်ပွားတော်မြတ်နှင့်အတူ စည်သူရှင်ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည်။
အဆိုပါ ရုပ်ပွားတော်သုံးဆူနှင့်အတူ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားကိုးကွယ်သည့် ဒက္ခိဏသာခါရုပ်ပွားတော်မြတ် တစ်ဆူလည်း သီတင်းသုံးတော်မူသည်ကို ဖူးမြင်ရသည်။ ဘိုးတော်မင်းတရားသည် ပခန်းကြီးတောင်ဘက်ဘုမ္မရွာ ဘုန်းတော် ကြီးကျောင်းဆရာတော်အား ရုပ်ပွားတော်အားပူဇော်ကိုးကွယ်ရန်လှူဒါန်းဆက်ကပ်သည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင် ဆရာတော်၏ ဆွေမျိုးသားချင်းများမှ ဒက္ခိဏသာခါရုပ်ပွားတော်အား သူ့ ကိုးကွယ်ထိုက်သည် ငါကိုးကွယ်ထိုက်သည် အမွေလု ကြရာတွင် ရာဇဂုရုဘွဲ့ရ ရေစကြိုသာသနာပိုင်ဆရာတော် မှ ဘုရားရုပ်ပွားသည် အများပြည်သူနှင့် သက်ဆိုင်သည့်အရာဖြစ်၍ အများပြည်သူ ဖူးမြင်အကျိုးများစေခြင်းငှာ ပခန်းကြီးစည်သူရှင်ဘုရားတွင် ပင့်ဆောင်ပြီး ပူဇော်ထားရှိစေရန်ဆုံးဖြတ်တော်မူ ခဲ့သည်။ သာသနာပိုင်ဆရာတော် မဆုံးဖြတ်ကာလအတွင်း ရုပ်ပွားတော်လုကြသည့် ဆွေမျိုးသားချင်းများထဲမှ တစ်ဦးသောသူ သည် ရုပ်ပွားတော်အား တခြားဆွေမျိုးများ မသိအောင် ယူဆောင်၍ နွားတင်းကုတ်တွင် ၀ှက်ထားရာ နွားတင်းကုတ် မီးလောင်ပြီး မီးမခသော ရုပ်ပွားတော်မြတ်အား ဆွေမျိုးများ ပြန်လည်ဖူးတွေ့ ရသည်ဟု ဆိုသည်။ ပခန်းစည်သူရှင်ဘုရား ရုပ်ပွားတော်အား အလောင်းစည်သူမင်း တည်ထားကိုးကွယ်တော်မူခဲ့စဉ်က စေတီတော်အတွင်း ဌာပနာ၍ ပူဇော်ထားရှိတော်မူခဲ့သော်လည်း ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူပြီးနောက် ၁၀ နှစ်ခန့်အကြာတွင် လူမသမာတစ်ဦးသည်စေတီတော်ဌာပနာအား ဖောက်ကာ စည်သူရှင်ဘုရားရုပ်ပွားတော်အား ခိုးယူထွက်ပြေးသွားပြီး ရုပ်ပွားတော်တွင် ပူဇော်ထားရှိသည့် ရွှေများအား ခွာယူကာ ရုပ်ပွားတော်အား ပခုက္ကူဘူတာအနီး စွန်လွန်းရွာမလှမ်းကမ်းတွင် ပစ်ချထားခဲ့ကြောင်း နွားကျောင်းသားသည် နွားများချိုသွေးသည့်နေရာတွင် ထူးခြားသည့်ရုပ်ပွားတော်အား တွေ့ရှိသဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ အပ်နှံရာ ဆရာတော်မှ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။ စည်သူရှင်ဘုရားဂေါပကအဖွဲ့ထံသို့ အကြောင်းကြား သဖြင့် သွားရောက်ကြည့်ရှုရာ မိမိတို့ 
ဘုရားမှန်သော်လည်း မသမာသူခိုးယူသွားစဉ်က ဇမ္ဗူ့သပြေရုပ်ပွားတော်အား ရိုက်ခွဲကာ ရွှေများယူသွားပြီး ရုပ်ပွားတော်အတွင်း ပူဇော်ထားရှိသည့် စည်သူရှင်ဘုရားရုပ်ပွားတော်သာ ကျန်ရှိသဖြင့် တရားတဘောင်ရင် ဆိုင်ကာ မိမိတို့ ပိုင်ဆိုင်သည့်ဘုရားပြန်လည်ရလိုကြောင်း တရားစွဲဆိုလျှောက်ထားကြသည်။ သက်ဆိုင်ရာနှင့် တရားရင်ဆိုင် နေစဉ်ကာလအတွင်း စည်သူရှင်ရုပ်ပွားတော်မြတ်သည် မူရင်းကိန်းဝပ်သီတင်းသုံးတော်မူရာ ပခန်းကြီး စည်သူရှင်ဘုရားဘက် သို့ မျက်နှာမူကာ သီတင်းသုံးတော်မူသည်ကို အင်္ဂလိပ်အရေးပိုင်မင်းကိုယ်တိုင်သိရှိကာ စည်သူရှင်ဘုရားအား ပြန်လည် ပင့်ဆောင်ခွင့်ပြုခဲ့သည် ဆိုသည်။ မသမာသူခိုးယူသွားပြီး ရိုက်ခွဲဖျက်ဆီးစဉ်က ဒဏ်ကြောင့် စည်သူရှင် ဘုရားရုပ်ပွားတော် ညာဘက်ဦးကင်းတွင် အနည်းငယ်အက်ကွဲသည့်ဒဏ်ရာ ရရှိခဲ့သည်ကို ယနေ့တိုင်မြင်တွေ့ရသည်။ စည်သူရှင်ဘုရားရုပ်ပွားတော် ပြန်လည် ဌာပနာ ပူဇော်ရန် အလှူခံရာ ရွှေငါးပိဿာသုံးဆယ့်ငါးကျပ်သားနှင့် ငွေသုံးပိဿာခွဲ ရရှိခဲ့ပြီး ငွေအား ဆင်ခံပုလ္လင်ထုလုပ်ပြီး ရွှေအား ရုပ်ပွားတော်တစ်ဆူထုလုပ်ကာ ပူဇော်ကြောင်း၊ ၄င်းနောက် စည်သူရှင်ရုပ်ပွားတော်အား ရဟန်းရှင်လူများဖူးမြော်မြင် တွေ့နိုင်ရန်အတွက် ဌာပနာ ပူဇော်ခြင်းမပြုပဲ ဂန္ဓာကုဋီတွင်သာ ပူဇော်ထားရှိခဲ့သည်။ နံနက် ၇ နာရီတွင် စည်သူရှင်ရုပ်ပွားတော်အား ဂန္ဓကုဋီအပြင်တွင် ပူဇော်ထားရှိပြီး ညနေ ၄ နာရီတွင် အတွင်းသို့ ပြန်လည်ပင့်ဆောင်ထားရှိသည်။ သိကြားမင်းကိုယ်တိုင် ထုလုပ်တော်မူခြင်း ၊ နတ်ပြည်တွင်သာရှိသည့် သရက္ခန်သားဖြင့် ထုလုပ်ခြင်း စသည့် ထူးကဲသည့်အရာများကို နောင်လာနောင်သားတို့ ဖူးမြင်တွေ့စေခြင်းငှာ ယင်းသို့ ပူဇော်ခံထားရှိခြင်း ဖြစ်သည်။
စည်သူရှင်ဘုရားရုပ်ပွားတော်အား ကျေးရွာဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ကာ အဓိဌာန် ဆုတောင်းမှုပြုကြသည်။ အဓိဌာန် ဆုတောင်းပြည့်သူများသည် စည်သူရုပ်ပွားတော်မြတ်အား ၄င်းတို့၏ လက်ဝတ်ရတနာ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြား လက်စွပ် ၊ လက်ကောက်၊ နားတောင်းများ ပူဇော်ထားရှိသည်ကိုလည်း ဖူးမြင်သဒ္ဓါပွားရသည်။ စည်သူရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် တန်ခူးလတွင်ကျင်းပပြုလုပ်ပြီး မဟာသင်္ကြန်ရက်များဖြစ်သည့် မဟာသင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ ၊ အတက်နေ့များသည့် ပွဲတော်ရက်များဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့တွင် စည်သူရှင်ဘုရားရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူရာ စေတီတော်ပရ၀ုဏ်အတွင်း ဆွမ်းတော်ကြီး လောင်းလှူပွဲအား ပခုက္ကူ၊ရေစကြိုမြို့ နယ်များမှ ကျေးလက်နှင့် မြို့ ပြနေပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လည်း စည်ကားသိုက်မြိုက်စွာ လာရောက် လှူဒါန်းလောင်းလှူကြောင်း တင်ပြလိုက်ပါသည်။

Tuesday, March 31, 2015

ရှင်မတောင်သနပ်ခါး

ရှင်မတောင်သနပ်ခါး

ရှေးမြန်မာမင်း အဆက်ဆက်မှ ယနေ့ကာလအထိ မြန်မာအမျိုးသမီးများ နှစ်ခြိုက်စွာ စွဲစွဲမြဲမြဲသုံးစွဲခဲ့ကြသော ရှင်မတောင်သနပ်ခါး၏ ထူးခြားသော အာနိသင်များမှာ-
(၁) သနပ်ခါး၏ SPF သည် ၂၀ မှ ၃၀ အထိရှိသောကြောင့် နေလောင်ဒဏ်ကို အပြည့်အ၀ကာကွယ်ပေးနိုင်ပါသည်။
(နေလောင်ဒဏ်ကြောင့်ဖြစ်သော တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းကွက်များမဖြစ်စေရန် ကာကွယ်ပေးပါသည်။) 

(၂) သနပ်ခါးသည် Oil Base မဟုတ်ခြင်းကြောင့် အဆီပြန်ခြင်းကို ကာကွယ်ပြီး မျက်နှာပေါ်ရှိ မလိုအားအပ်သော အဆီပိုများကို လျော့ချပေးနိုင်ပါသည်။
(အဆီပိုကြောင့်ဖြစ်သော အသားအရေ ညစ်နွမ်းခြင်း၊ ၀က်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။) 

(၃) သနပ်ခါးသည် Water Base ဖြစ်ခြင်းကြောင့် အသားအရေအတွက်
မရှိမဖြစ်လိုအပ်သော ရေဓာတ်ကို ကြာရှည်စွာ ထိမ်းထားပေးပါသည်။ 
(အသားအရေကို နူးညံ့ချောမွေ့ အေးမြစေပြီး အသားခြောက်ခြင်း၊ အသားပတ်ခြင်းကို ကာကွယ်ပေးပါသည်။)

(၄) သနပ်ခါး၏ နူးညံ့သော Fibre ဆဲလ်လေးများသည် ချွေးပေါက်ကို 
မပိတ်စေပါ။
(ချွေးပေါက်ပိတ်၍ မိတ်ဖု၊ ယားဖုဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။) 

(၅) သနပ်ခါးကို ရေရှည်သုံးစွဲပါက အိုမင်းရင့်ရော်ခြင်းကို နှေးကွေး
စေပြီး နုပျို​ချောမွတ်​​စေသည်​။

Wednesday, March 11, 2015

`` ရာဇဝင်ထဲက ချင်းတွင်းရေစကြို ´´

ရာဇဝင်​ထဲက ချင်းတွင်း​ရေစကြို
----------------------------------------------
ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းနံဘေး
ရေစကြိုမြို့လေးမှာ
ဂန္ထဝင်စာတွေရေးခဲ့တဲ့ အောင်လင်း(အရိုင်းစံပယ်)ကိုမွေးခဲ့တယ် . . .
ရေစကြိုမြို့လေးမှာ
အောင်သန်း၏အောင်ဆန်းကို ရေးခဲ့သူ
ဦးအောင်သန်း မြို့အုပ်လုပ်ခဲ့ဖူးတယ် . . .
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်း
အစ်ကို့အရိပ်ကို ခိုခဲ့ဖူးတယ် . . .
ရေစကြိုမှာ ခိုခဲ့ဖူးတယ် . . .
ချင်းတွင်းမြစ်ရဲ့ ဆည်းဆာအလှ
ပန်းတော်ပြင်ဆိပ်ကမ်းက
ရေမျောကမ်းတင် သစ်တုံးကြီးပေါ်မှာ
ညနေများစွာ ထိုင်ကြည့်ခဲ့ဖူးတယ် . . .
မြစ်ကမ်းနံဘေး ''အောင်မြေသာယာသူဌေးတိုက်ကြီး''ရဲ့ ခန့်ညားထည်ဝါမှုတွေကို
သူ့ဒိုင်ယာရီထဲမှာ မှတ်တမ်းပြုခဲ့တယ် ...
ကိုအောင်ဆန်း ဒိုင်ယာရီထဲကရေစကြို ...
ကိုအောင်ဆန်းနှလုံးသားထဲက ရေစကြို ...
သမိုင်းထဲက ရေစကြို ...
ပခန်းဦးမင်းကျော် ရေကိုစ-ကြိုခဲ့တဲ့ ရေစကြို ...
ဘိုရုံဆိပ်မှာ ဘိုမကြီးကိုလက်ဆွဲ
သင်္ဘောပေါ်ကဆင်းလာတဲ့
'ဆာပေါ်ထွန်း'ကို သောင်းသောင်ဖြဖြ
သံပုံးတီး ဆန္ဒပြခဲ့ကြတဲ့ ရေစကြို ...
ရာဇဝင်မှာ
မော်တင်ဂရက်လို့ နာမည်ထွက်ခဲ့တဲ့ ရေစကြို ...
သခင်မော်တင်တို့ သခင်လှမောင်တို့ရဲ့ ရေစကြို ...
အလံနီမြို့တော်လို့ နာမည်ကျော်တဲ့ ရေစကြို ...
စာရေးဆရာ ရေစကြိုညွန့်အောင်တို့l ဆရာတင်မိုးတို့
ကျောင်းသားအမတ်'ကိုကျော်'တို့ရဲ့ ရေစကြို ...
သားအရင်းက ပြန်သတ်ခံခဲ့ရတဲ့ ပန်းတော်ပြင်ရပ်သား
(ဗ.က.ပ)ရဲဘော်ဋ္ဌေးရဲ့ ဇာတိရေစကြို ...
ဆေးလိပ်လည်းတို နေလည်းညိုပြီl ငါ့ကို ... ဆိုတဲ့
ဆရာတင်မိုးရဲ့ ရေစကြို ...
အမေရိကန်ကပြန်ရောက်ရင် ရေစကြိုကို ငါပြန်လာခဲ့မယ်လို့
ဆရာမောင်နီဆန်းကို မှာသွားခဲ့ပြီး
နေညိုပေမယ့် ပြန်မရောက်နိုင်တော့တဲ့ရေစကြို ...
လွတ်လပ်ရေးရပြီးရင် တစ်ကျော့ပြန် ပြန်လာဖို့
ဒိုင်ယာရီမှာ တေးမှတ်ထားခဲ့ပေမယ့်
ဗိုလ်ချုပ်အောင်ဆန်း ပြန်မရောက်နိုင်တော့တဲ့ ရေစကြို ...

၈၈-ခုနှစ်တွေ့ရတုန်းက
ဖေဖေ့ဒိုင်ယာရီထဲက ဖတ်ဖူးတဲ့ ရေစကြိုကို
တစ်ခေါက်တစ်ခါ လာရောက်ချင်တယ်ဆိုခဲ့ပေမယ့်
အကြောင်းမသင့် အခွင့်မသာလို့
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာနိုင်သေးတဲ့ ရေစကြို ...

ချင်းတွင်းသားတွေ
စုံခဲ့တဲ့l ဆန်ခဲ့တဲ့ ရေစကြို ...

ဘယ်ခါမဆို ချို​စေမြ​စေတဲ့ ချင်းတွင်း​ရေချိုချို
နေညိုညို အိုလေလှလေ လှနေတဲ့ ချင်းတွင်းရေစကြို ...။

Tuesday, February 24, 2015

ပခန်းကိုကြီး​ကျော်​(​ရွှေကူနီပွဲ​တော်​)မြင်​ကွင်းများ

ရေစကြိုထန်းသီးမုန့်​ရဲ့ လျှို့ဝှက်​ချက်

ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။ မန္တလေးသူ၊ မန္တလေးသားတွေကလည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ယင်းနယ်ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ် ထိုဒေသထွက် အစားအစာလေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေးကတော့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှ ထွက်ရှိသည့် ရေစကြိုထန်းသီးမုန့်ပင်ဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင် ကြိုက်သည်မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင် စားဖူးသူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ ရေစကြိုထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူအချို့က ဆိုပြန်သည်။စားဖူးသူတိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြိုထန်းသီးမုန့် ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟုရေစကြိုထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါးဆယ်ထက် မနည်းတော့ဟု ဆိုကြသည်။ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလို စက်တွေတဝုန်းဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုးမဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်ရောင်းသူလည်းရှိသည်။ သူများလုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်းသူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြိုထန်းသီးမုန့်လုပ်ရန် ပထမဦးဆုံးအဆင့်အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန်လတ် ဆန်အမျိုးအစားနှင့် ဆန်ကြမ်းကို ငါးပြည်ခန့်စီရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ ဆန်တွေပွလာပြီဆိုလျှင်ကြိတ်စက်ဖြင့် ကြိတ်ရပါသည်။ ရလာသည့် မုန့်ဆန်အရည်မပျစ်မကျဲကို ထန်းလျက်အချိန်တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင် စပ်ရသည်။ ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်များအား လက်ဖြင့်ဖိကာ အရည်ထုတ်ရပါသည်။ အားလုံးပြီးပြီဆို ရောင်းမအကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့် အသားကျအောင် မွှေလိုက်ပြီဆိုရင်ဖြင့် အမြှုပ်များ ထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါက အုန်းမှုတ်ခွက်များကို မုန့်ရည်အတွင်း နှစ်ပေးထားရသည်။ မုန့်သားကောင်းအောင်အတွက်ဟု ဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ်ထားသည့် မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထားရပါသည်။ညဥ့်သန်းခေါင်ယံအချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီးမုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ်နေ၍မရပါ။ ညနေမှာ ဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော်ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲ ရေဖြည့်သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်းဖြင့် တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။ ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီကျော် စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်တွေ လောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်းလျှင် နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်ရပြီး အုပ်ဆောင်းအောက်ခြေ ပတ်ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကို ရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့တထောင်းထောင်းဖြင့် ထန်းသီးမုန့်လေးများ ရရှိလာပါပြီ။ တစ်ခါလုပ်လျှင် တစ်ဗန်းသာရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့် ဈေးသည်များသည်မို့ အားလုံးအတွက် လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာထန်းသီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များအောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီစစ်စစ်ပုတ်ကာ ညကကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ပြီး ကျွေးတတ်သည်။ ဈေးဝယ်သူကကြိုက်ပြီဆိုမှ အလိုရှိသလောက် နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။ ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယိုချောင်းလေးတွေ အုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီးနောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက် ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက်နုနုပေါ်တင်၊ သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့် ထည့်ပေးတတ်ပါသည်။အချို့ဈေးဝယ်သူတွေက ကလေးတွေ တစ်အုပ်လိုက်ကြီးလည်း လိုက်​ပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။အမြည်းတွေ ကိုယ်စီကျွေးပြီး ဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ ဈေးတွက်မတွက်တော့ပါ။ ‘‘မလှူနိုင် ဈေးရောင်းဆိုတဲ့အတိုင်း လှူတယ်ပဲ သဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်သူနဲ့ ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာလိုက်များများဝယ်တော့ အမြည်းနည်းနည်းသာ ကျွေးရသည့်အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာ ပေးတတ်ပါသေးသည်။ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။ ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက်လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြိုထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာ ဝှေ့ယမ်းလို့။ ပခန်းကိုကြီးကျော်ပွဲရောက် ရှမ်းပြည်နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့် ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်းလို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်က သူတို့ ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့် ပြောပြသည်။ ‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကို ထပ်လုပ်ပေးချင်တာ’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်းဝင်းခိုင်ကဆိုပါသည်။အချို့ကျတော့ ကိုယ်တိုင် ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေ လှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုးကွယ်သည့် ဆရာတော်ဘုရား၏မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေလည်းရှိသည်။ စားဖို့သက်သက် မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိ မှာကြသည်။ အဲဒီလိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့ အပေါ်ကဖြူးတဲ့အစာတွေကိုသတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ် နို့စိမ်းပါထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါဆိုရင်တော့ ပုံမှန်တစ်ပိဿာ နှစ်ထောင့်လေးရာပေမယ့်တစ်ပိဿာ သုံးထောင်လောက် ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ရေစကြိုမြို့ဝန်းကျင် ရွာအချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာမျိုးလည်းရှိသည်ဟု ထန်းသီးမုန့်လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုတွင်လည်း ရေစကြိုထန်းသီးမုန့်က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်းအသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေ ဆောက်နေသည်ဆိုပါက ဆောက်လုပ်ပေးမည့်လက်သမားအဖွဲ့ကို ရေစကြိုထန်းသီးမုန့် သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်တွေ တနင့်တပိုးကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါမျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟုထန်းသီးမုန့်သည် အမျိုးသမီးတစ်ဦးကဆိုပါသည်။မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာလူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုး မိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါ လွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။ ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစားအစာကို ဂုဏ်ယူစွာနဲ့ ကျွေးတတ်ကြသည်။ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေစကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန်ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေစကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေးလိုက်ရသေးတယ်’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝါဝါခိုင်ကပြောပြသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊တိုင်းတစ်ပါးအစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏ မည်သည့်အရပ်တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမော စားချင်နေသူတွေကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။
(Credit to 7Day News Journal)