Monday, June 27, 2016

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ

ဝါဆိုလသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးမြတ်သောလဖြစ်၏။ဝါဆိုလပြည့်နေ့မှာဘုရားအလောင်း တော်သည်နတ်ဗြဟ္မာအပေါင်းတို့တောင်းပန်မှုကြောင့်မယ်တော်၏၀မ်း၌ပဋိသန္ဓေနေတော်မူခဲ့၏။အိုနာသေရေးဒုက္ခဘေးတို့မှကင်းလွတ်ရာဖြစ်သောတရားထူးကိုရှာရန်တောထွက်တော်မူခဲ့၏။ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုသောနတ်ဗြဟ္မာအပေါင်းတို့အားဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့၏။ထို့ကြောင့်‘’သန္ဓေ၊ တောထွက်၊ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟုအဆိုရှိခဲ့ပေသည်။ဘုရားရှင်၏ တပည့်သားသံဃာတော်များသည် ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ ၀ါဆိုဝါကပ်ကြ၍ ဗုဒ္ဓတရားတော်များကို သင်ယူပို့ချ ဟောပြခြင်း ပရိယတ္တိ၊ ကိုယ်တိုင်ကျင့်ပွါး အားထုတ်ခြင်း ပဋိပတ္တိတို့ကို ပြုလုပ်ကြ၏။ ထို့အတူပင် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည်လည်း ဗုဒ္ဓ ဓမ္မ သံဃာ့ဂုဏ်ကို အာရုံ ပြုကာ ဒါန သီလ ဘာဝနာအလုပ်အားထုတ်လျက်ကုသိုလ်တရားပွားများကြရပေ၏။ဝါဆိုသင်္ကန်းကပ်လှူဒါန်းဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်အထူးသဖြင့်ဝါတွင်းကာလမှာပင်ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ဗုဒ္ဓဂုဏ်တော်များပွားများခြင်း၊ဆွမ်းတော်ပန်းတော် ရေချမ်းတော်တို့ဖြင့်ကပ်လှူပူဇော်ကြခြင်း၊မြတ်စွာဘုရားပဌမဦးစွာဟောကြားတော်မူခဲ့သောဓမ္မစကြာပါဠိတော်တို့ကို ရွတ်ဆိုပူဇော်ကြခြင်း၊သံဃာတော်အရှင်မြတ်တို့အားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊တရားတော်များနာယူကြခြင်း စသောကုသိုလ်ကောင်းမှုမျိုးစုံတို့ကိုပြုခွင့်ရကြပေသည်။အထူးသဖြင့်ဝါဆိုဝါကပ်ကြသောသံဃာတော်များကို ‘’သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ ဣမံ ၀ဿဝါသိကစီဝရံ သံဃဿ ဒေမ’’ -  တပည့်တော်တို့ သည် သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်း အကျိုးငှါ ဤ၀ါဆိုသင်္ကန်းကို သံဃာတော် အရှင်မြတ်တို့ အား ဆက်ကပ်လှူဒါန်းကြပါကုန်၏၊ဟုရွတ်ဆိုကာလှူဒါန်းကြသည်။
ဝါဆိုသင်္ကန်းဟူသည် ၀ါတွင်းကာလမှာ ဖြစ်စေ၊ ၀ါဆိုခါနီး ကာလမှာဖြစ်စေ ကျောင်းတိုက်တစ်တိုက် သို့မဟုတ် နေရာ တနေရာ၌ ၀ါဆိုဝါကပ်ကြသော သံဃာများအား လှူဒါန်းအပ်သော သင်္ကန်းဖြစ်၏။ သံဃာတော် အရှင်မြတ်များသည် ဘုရားရှင်၏ အမိန့်တော်အရ ၀ါတွင်းသုံးလ မိုးကာလ၀ယ် အရပ်ဒေသ အသီးသီးသို့ ခရီးမသွားရတော့ဘဲ တနေရာတည်းမှာ သီတင်းသုံး၍ ပရိယတ် ပဋိပတ်တရားများကို အားထုတ်ကြရ၏။ ဤကဲ့သို့ အားထုတ်ကြသော သံဃာတော်များအား မိမိတို့ လှူအပ်သော သင်္ကန်းကို ၀တ်ရုံ သုံးစွဲကာ အားထုတ်နိုင်ကြပါစေဟူသော  ရည်ရွယ်ချက်ဖြင့် လှူဒါန်းကြခြင်းဖြစ်၏။

သင်္ကန်းလှူရကျိုးဖလကား
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းသည် ဘယ်လိုအကျိုးထူးများ ရနိုင်ပါသနည်းဟု မေးကြပါ၏။ အမှန်မှာ ၀ါဆိုသင်္ကန်းပဲဖြစ်စေ ရိုးရိုးသင်္ကန်းပဲဖြစ်စေ လှူဒါန်းကြရခြင်းသည် ထူးမြတ်သော အကျိုးရှိပေ၏။ သင်္ကန်း သည် အရဟတ္တဓဇ - ရဟန္တာအရှင်မြတ်များ၏ အောင်လံ တံခွန်သဖွယ် ဖြစ်သော ပစ္စည်းဖြစ်၏။ ပုဂ္ဂိုလ် တဦးတယောက်သည် လူဝတ်ကြောင်ဘ၀ဖြင့် တရားထူးရကာ ရဟန္တာဖြစ်သွားပါလျှင် လူဘ၀ဖြင့် ဆက်လက် မတည်နိုင်ပါ။ သင်္ကန်းဝတ်ဖြင့် နေမှသာလျှင် ဆက်လက်အသက်ရှင်နိုင်ပါ၏။ သို့မဟုတ်လျှင် ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရတော့၏။ ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရသည်တော့မဟုတ်ပါ ရဟန္တာ၏ မြင့်မြတ်သောဂုဏ်ကို လူဝတ်ကြောင်(လူ့အ၀တ်)ကမထိန်းနိုင်သောကြောင့်သာဖြစ်ပေသည်။ 
ရဟန္တာ၏မြင့်မြတ်သောဂုဏ်ကိုထိန်းပေးနိုင်သောအရဟတ္တဓဇရဟန်းတော်တို့၏ အောင်လံသဖွယ်ဖြစ် သော မြတ်သောသင်္ကန်း၊ ထိုသင်္ကန်းကို မိမိတို့ကိုယ်တိုင် လှူဒါန်းကြရခြင်းသည် ထူးမြတ်သော ကောင်းသော အကျိုးကို ရရှိနိုင်၏။ သင်္ကန်းဟူသော လှူဘွယ်ပစ္စည်းသည် သာသနာတော်နှင့်ကြုံမှ လှူခွင့် ရသော ပစ္စည်းဖြစ်။ သာသနာပ အခါကာလများ၌လှူခွင့်မရနိုင်ပါ။ထို့ကြောင့်ဝါဆိုသင်္ကန်းဖြစ်စေ၊ကထိန်သင်္ကန်းဖြစ်စေ၊ရိုးရိုးသင်္ကန်းပဲဖြစ်စေ သာသနာတော်ကြီးနှင့် တွေ့ကြုံရခိုက်လှူဒါန်းထိုက်လှပေသည်။ 
သင်္ကန်းလှူဒါန်းရကျိုးနှင့်စပ်၍ ဓမ္မပဒအဋ္ဌကထာ၌လည်း တိုက်ရိုက်ပြဆိုထားပါသေးသည် ‘’ဣတ္ထီနံ ဟိ စီဝရဒါနံ မဟာလတာ ပသာဓနဘဏ္ဍေန မတ္ထကံ ပပ္ပေါတိ၊ ပုရိသာနံ  ဣဒ္ဓိမယ ပတ္တစီဝရေနာတိ’’  -  သင်္ကန်းအလှူသည်အမျိုးသမီးများအတွက်မဟာလတာတန်ဆာအထူးကိုဝတ်ဆင်သုံးစွဲရခြင်းဖြင့်ထူးမြတ်သောအကျိုးကိုရ၍အမျိုးသားများအတွက်မူနောက်နောင်သာသနာတွင်ဘုရားရှင်ကဧဟိဘိက္ခု ခေါ်ဆိုလိုက်သည်နှင့် ၀ါတော်ခြောက်ဆယ်ရသော မဟာထေရ်ကြီးကဲ့သို့ တန်ခိုးဖြင့်ပြီးသော သင်္ကန်းပရိက္ခ ရာ စုံလင်စွာဖြင့် အာသဝေါကုန်ခန်း ရဟန်းအဖြစ်သို့ ရောက်ရလေ၏။ ဘုရားရှင်တို့သည် သင်္ကန်းလှူခဲ့ဘူး သော ကုသိုလ်ရှင်များကိုသာ ဧဟိ ဘိက္ခု ခေါ်တော်မူကြ၏။ အမှန်မှာ မိမိသင်္ကန်းလှူခဲ့သော ကုသိုလ်ထူး၏ အကျိုးဆက်ကြောင့်သင်္ကန်းရှာနေစရာမလိုတော့ဘဲတန်ခိုးဖြင့်ပြီးသောသင်္ကန်းကိုသာဝတ်ရုံသုံးစွဲရလေ တော့၏။

မဟာလတာတန်ဆာ
မဟာလတာတန်ဆာဟူသည် အမျိုးသမီးများ ၀တ်ဆင်ရသော အ၀တ်တန်ဆာတမျိုးပင်ဖြစ်၏။ သင်္ကန်း လှူခဲ့ဘူးသော ဘုန်းကံရှိသူ အမျိုးသမီးများသာ ၀တ်ဆင်သုံးစွဲနိုင်၏။ ဗုဒ္ဓခေတ်ကာလအချိန်၌ ထိုတန်ဆာမျိုးဝတ်ဆင်နိုင်သူ သုံးဦးသာ ရှိ၏။

ထိုသုံးဦးမှာ

၁။ကျောင်းအမကြီးဝိသာခါ၊ 

၂။ဗန္ဓုလစစ်သူကြီးကတော်မလ္လိကာနှင့်

၃။ဗာရာဏသီသူဌေးသမီးတို့ဖြစ်၏။                                                                                                                                                                                                       

ဝိသာခါ၏ဖခင်ဓနဉ္စယသူဌေးကြီးသည်သမီးအတွက်မဟာလတာတန်ဆာအထူးကိုပြုလုပ်စေရာရွှေပန်းတိမ်သည် ငါးရာတို့ဖြင့် လေးလကြာအောင် ပြုလုပ်ရလေ၏။ ပြုလုပ်ရန်အတွက် နီးမြန်းသော ရွှေစင်တစ်ထောင်၊ ထိုရွှေစင်နှင့် သင့် လျော်သော ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ စိန် စသော ပစ္စည်းများ ပေးရ၏။ အချိန်အဆကိုရေတွက်သော်စိန်လေးကွမ်းစား၊သန္တာသုံးဆယ့်နှစ်ကွမ်းစား၊ ပတ္တမြားသုံးဆယ့်သုံးကွမ်းစားနှင့် အခြားအခြားသောရတနာများစွာတို့ဖြင့်ပြုပြင်စီရင်ထား၏။ပိုးချည်ဝါချည်တို့ဖြင့်မရောယှက် ရွှေချည် ငွေချည်သက်သက်ဖြင့် သာ ပြုလုပ်၏။ ထိုမဟာလတာတန်ဆာ ထိပ်တွင်တစ်ခုတည်းသော ရွှေဥဒေါင်းရုပ်ကို တပ်ဆင်ထား၏။ ဦးခေါင်း ဦးထိပ်မှ စွပ်၍ချလိုက်လျှင် ခြေဖမိုးတိုင်အောင်ဖုံးမိ၏။ တန်ဖိုးမှာ ကိုးကုဋေဖြစ်၍ လက်ခအဖြစ် အဖိုးတစ်သိန်း ပေးရ၏။
ဤကဲ့သို့သော တန်ဆာအထူးကို ၀ိသာခါ ဘယ်လိုသော ကောင်းမှုကြောင့် ရရှိခဲ့ပါသနည်းဆိုလျှင် ကဿပ ဘုရားရှင်လက်ထက်တော်အခါ၌ ရဟန်းသံဃာတော် တစ်သိန်းတို့အား သင်္ကန်းလှူခဲ့ဖူးသော အကျိုးဆက် ကြောင့်ရရှိခြင်းဖြစ်သည်။ထို့ကြောင့်ရှေးပညာရှိတို့ကသင်္ကန်းလှူရခြင်း၏ အကျိုးဆက်ကို လင်္ကာဖြင့်ဤသို့မှတ်တမ်းတင်ခဲ့ကြလေသည်။

‘’သကျပုတ္တ၊ သမဏဟု၊ သာကိယဇာတ်၊ ရဟန်းမြတ်အား၊ လျှောက်ပတ်တင့်ဆန်း၊ မြတ်သင်္ကန်းကို၊ လှူဒါန်း သည့်သူ၊ယောက်ျားမူကား၊ ဘုန်းလူဇိနော်၊ ဧဟိခေါ်၍၊ ၀ါတော် သဋ္ဌိ၊ ခြောက်ဆယ်ရှိသား၊ ထေရ်ကြီးအလား၊လွန်တည်ငြား၍၊ရှစ်ပါးပရိက္ခရာ၊လွယ်ပြီးကာလျှင်၊လေးဖြာအာသဝေါ၊သန့်စင်ကြော၏။ ‘’မနောစင်ဖြူ၊ မိန်းမမူကား၊ ရွှေဇမ္ဗူရာဇ်၊ ဦးဦးသစ်ကို၊ ချိန်စစ် တစ်ထောင်၊ နိက္ခဆောင်၍၊ ထိန်ပြောင်စိန်သားလေးကွမ်းစားတည်း၊မြကားတေတ္တိ၊ရွယ်ထိန်သန္တာ၊ဗာဝိသာနှင့်၊မုတ္တာဆယ့်တစ်၊ ကြွင်းလစ်ရတနာ၊သင့်ရာရာကို၊ကောင်းစွာငွေကြိုး၊ချယ်သီထိုး၍၊အဖိုးကိုးကုဋေ၊ထိုက်တန်ပေ၏၊ရွှေပန်းထိန်ငါးရာ၊ရက်မှာလေးလ၊ကာလကြာအောင်၊ ကောင်းစွာချုပ်ပြီး၊ တန်ဆာကြီးကို၊ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည့်၊ အခေါင်တုလတ်၊ မိန်းမမြတ်တို့၊ ၀တ်ဆင်ကြရာ၊ မဟာလတာ၊ ပသာဓန၊ နာမတံဆိပ်၊ ခပ်နှိပ်ဝေဆာ၊ ထိုတန်ဆာကို၊ ကောင်းစွာ အံ့ခြီး၊ ၀တ်ဆင်ပြီး၍၊ မဂ်ထီးဖိုလ်ရိပ်၊ အောင်ဘိသိက်ဖြင့်၊ အောင်ဟိတ် ဇမ္ဗူနန်း ဆန်တက်မြန်းသည် - - သင်္ကန်းဒါန လှူကျိုးတည်း’’။ ။

ဝိသာခါသည် မိမိ၏ ထိုမဟာလတာ တန်ဆာကို တန်ဖိုးဖြတ်ကာ ရောင်းချပြီး ပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့ပေ၏။ အနဲငယ်ချဲ့ရပါလျှင် - - သာဝတ္ထိမြို့နေ ပြည်သူအပေါင်းတို့သည် မင်္ဂလာပွဲအခမ်းအနားတို့၌ ၀ိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေး မွေးလေ့ရှိ၏။ ၀ိသာခါသည်လည်း ဖိတ်ကြားအပ်သော မင်္ဂလာပွဲများ၌ မဟာလတာတန်ဆာကို ၀တ်ဆင်၍တက်ရောက်၏။တစ်နေ့သော်ဝိသာခါသည် ဖိတ်ကြားအပ်သော မင်္ဂလာပွဲသို့တက်ရောက်ပြီး ဥပုသ်နေ့ဖြစ်၍ဘုရားဖူးရန်အခြံအရံများနှင့်အတူကျောင်းတော်သို့ဆက်သွား၏။ကျောင်းတော်အပေါက်ဝသို့ ရောက်လေသော် ‘’မြတ်စွာဘုရားရှင်တို့၏အထံတော်သို့ ဤသို့ ပျံ့လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်’’ ဟု ဆင်ခြင်ကာ ၀တ်ဆင်ထားသော မဟာလတာတန်ဆာကို  ချွတ်ပြီးလျင် ကျွန်မသို့အပ်ထားလိုက်၏။
ဝိသာခါသည် ဇေတ၀န်ကျောင်းအပြင်သို့ ရောက်၍ မဟာလတာ တန်ဆာကို ၀တ်ဆင်ရန် ကျွန်မအားတောင်း၏။မေ့ကျန်နေခဲ့ကြောင်းပြောလျှင်‘’သွားယူခဲ့လော့၊အကယ်၍အရှင်အာနန္ဒာသိမ်းဆည်းထားခဲ့ လျှင်ထိုပစ္စည်းကိုအရှင်မြတ်တို့အားလှူပြီးဖြစ်သည်’’ဟုမှာကြား၍အယူခိုင်းလိုက်၏။အရှင်အာနန္ဒာသည် ကျောင်းတွင်း၌ မေ့ကျန်ရစ်သော ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိ၏။ ကျွန်မ ပြန်လာ၍ အရှင်အာနန္ဒာ သိမ်းဆည်းထားကြောင်းသိရသော အခါမဟာလတာတန်ဆာကိုသံဃာအားလှူဒါန်းလိုက်၏။သို့သော်အရှင်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းရန်ခက်ခဲလှသောကြောင့်  အပ်စပ်သောပစ္စည်းဘဏ္ဍာပြုလုပ်ပီးတန်ဆာကိုကိုးကုဋေနှင့်လက်ခတစ်သိန်းတန်ဘိုးဖြတ်ကာ မြို့တွင်းသို့လှည့်လည် ရောင်းချလေ၏။ ထိုမျှလောက်တန်ဘိုးကြီးသောဥစ္စာကိုဝယ်ယူနိုင်သူမရှိသောကြောင့်မိမိကိုယ်တိုင်ပြန်ဝယ်ယူကာပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့လေသည်။(ဓမ္မပဒဋ္ဌ-ပုဗ္ဗ၀ဂ်)
နောက်ဆုံးပန်းတိုင်
ဗုဒ္ဓဘာသာဝင် သူတော်စင်များသည်  ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု နောက်ဆုံးပန်းတိုင်ကား အိုနာသေရေးဆင်းရဲဘေးမှ လွတ်မြောက်ဘို့ နိဗ္ဗာန်ရောက်ဘို့ပင်ဖြစ်၏။ ထိုသို့ဆိုလျှင် သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ စသည်ဖြင့် အဘယ်ကြောင့် တောင်းနေကြပါသနည်းဟု မေးဘွယ်ရှိပါ၏။ သစ်ပင်စိုက်ပျိုး ရာ၌ ဟိုမျိုးစေ့စိုက်လျှင် ဟို အပင်ပေါက်၍ ဒီမျိုးစေ့စိုက်လျှင် ဒီအပင်ပေါက်သည် ဆိုသကဲ့သို့ ကိုယ်စိုက်ပျိုး သည့် မျိုးစေ့အားလျော်စွာ အပင်ပေါက်ခြင်းဟူသော အကျိုးရင်းရှိကြ၏။ ဥပမာ - အစာအာဟာရတို့ကို စားသောက်ကြရာ၌ ဘယ်အစာ ဘယ်အာဟာရကိုပဲ စားစားနောက်ဆုံးအသွေးအသားဖြစ်ဘို့ ပဓာနဖြစ်၏။ သို့သော်လျှာပေါ်ရောက်သည့်အခိုက်တွင်  အချိုသီးစားလျှင် အချိုအရသာ၊ အဆိမ့်သီးစားလျှင် အဆိမ့်အရသာ ပေါ်ပြီး နောက်ဆုံး အသွေးအသား အဖြစ်သို့ရောက်သွားတော့၏။
ထို့အတူ နောက်ဆုံးပန်းတိုင်သို့ မရောက်ကြမီ သံသရာတခွင် ကျင်လည်ရသော ကြားကာလ အတွင်းဝယ် သင်္ကန်းလှူပြီး နိဗ္ဗာန်သွားကြ၏။ ဆွမ်းလှူပြီး နိဗ္ဗာန်သွားကြ၏။ သို့သော် ကိုယ်ပြုလုပ်သည့် စေတနာ ဆန္ဒအားလျော်စွာ (လျှာပေါ်ရောက်ခိုက် အရသာကိုသိရ ခံစားရသလို) သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ ဆေးအကျိုး စသည်ဖြင့် သီးခြား အကျိုးလေးများကို ကိုယ်ကြိုက်သလိုခံစားကြရခြင်းသာဖြစ်ပေ၏။                                                                        ထိုကဲ့သို့ကိုယ့်အလိုကိုယ့်အကြိုက်ကိုယ့်စရိုက်နှင့်အညီသီးခြားအကျိုးလေးများရယူခံစားနိုင်ကြစေရန်ဤသို့အခွင့်ကောင်းအခါကောင်းနှင့်ကြုံရသည့်အခိုက်ဝယ်ဦးဦးဖျားဖျားပါရမီကုသိုလ်ထူးများဖြစ်ပွား နိုင်ကြပါစေ ဟု မေတ္တာဆန္ဒပြုလိုက်ရပါသည်။

 အရှင်ဣန္ဒာစာရ

Copy from:
http://mrvenjatila-allpost.blogspot.com/2012/08/blog-post_1039.html?m=1

No comments:

Post a Comment