Wednesday, April 20, 2016

ရှင်မတောင်တော် သည် အညာဒေသ ၏ အိုအေစစ်သဖွယ် ဖြစ်လာ

ရှင်မတောင်တော် သည် အညာဒေသ ၏ အိုအေစစ်သဖွယ် ဖြစ်လာ







ပခုက္ကူခရိုင်၊​ရေစကြိုမြို့နယ်​ အညာဒေသရှိ ရှင်မတောင် သည် ဆေးဖက်ဝင် နွယ်မြက် သစ်ပင်များ စုဆောင်း သုတေသနပြုရာ တောင်တစ်တောင် ဖြစ်နေပြီး သစ်တောဌာန ၏ လုပ်ဆောင် မှုကြောင့် ရှင်မတောင် တော်သည် သစ်ပင်မျိုးစုံတို့ ဖြင့် စိမ်းလန်း သာယာလျက် ရှိကြောင်း သိရသည်။
.
ပခုက္ကူ- ရေစကြို- မြိုင် နယ်ဆုံရာ တြိဂံအရပ်၌ တည်ရှိပြီး ပခုက္ကူ နှင့် ၁၇ မိုင်ခန့် ကွာဝေးသော ရှင်မတောင်တော် ပေါ်တွင် အလောင်းစည်သူ မင်းကြီး၏ ကောင်းမှု သရက္ခန် ရုပ်ပွားတော်မြတ် နှင့် ရွှေမုဋ္ဌော ဆုတောင်းပြည့် စေတီတော်ကြီး ကိန်းဝပ် စံပျော်ရာ ဒေသထူးလည်း ဖြစ်သည်။ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ဆေးပေါင်းခ သည့် တန်ဆောင်မုန်း လပြည့်နေ့၌ စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပကြောင်း သိရသည်။
.
ဆေးဖက်ဝင် နွယ်မြက်သစ်ပင် အပါအဝင် ရှင်မတောင်တော် တွင်သာ ပေါက်ရောက်သော နာဂမှိုင်း၊ နာဂမောက်၊ နာဂသွေး၊ နာဂဖို၊ နာဂမ စသည့် ဆေးဖက်ဝင် အပင်များ ပေါက်၍ တိုင်းရင်းဆေး သမားတော်များ၊ တိုင်းရင်းဆေး စာတမ်း ပြုစုသူများ အတွက် လွန်စွာ အသုံးဝင်သည့် တောင်တော် ဖြစ်လာကြောင်း သိရသည်။
.
''ရှင်မတောင်နဲ့ ပုပ္ပားတောင် တို့က အညာဒေသရဲ့ ဆေးဖက်ဝင် တောင်တော်တွေပါ။ ပုပ္ပားတောင် က ပန်းတစ်ပွင့် ပိုသလို ရှင်မတောင် က ဆေးမြစ်တစ်မြစ် ပိုတယ်လို့ အဆိုရှိပါတယ်။ ရှေးယခင် ကတည်းက ဒီနေ့တိုင်အောင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင် အပင်မျိုးစုံ ပေါက်ရောက် နေတဲ့ တောင်တော်ကြီး ပါ'' ဟု ရှင်မတောင် တောင်ခြေရင်း ချင်းယားကုန်း ရွာသားတစ်ဦး က ပြောပြသည်။
.
နာ(၅)မျိုး ဆေးဖက်ဝင် အပင်များ အပြင် တောဆီးဖြူ၊ ဓာတ်လေးပါး၊ ပိတ်သင်းကပ်၊ သမားမုန်း၊ တောင်လုံးကျော်၊ ပုပ်စမ စသည့် ဆေးပင်မျိုးပေါင်း ၁ဝဝ ကျော် ပေါက်ရောက် ကြောင်း သိရသည်။ ရှင်မတောင်တော် အမြင့်သည်
၁၇၂၃ ပေ အမြင့်ရှိသည်။ တောင် ၉၉ လုံးဝန်းရံလျက် တောင်ကြော ဒေသသည် မိုင် ၂ဝ ခန့် ရှည်လျားသည်။ ရွှေသမင်များ၊ မျောက်များ ပျော်မွေ့စွာ နေထိုင် ကြသည်။ ရှင်မတောင် ကြိုးဝိုင်းသည် ၁၄၉၉၅ ဧက ရှိလျက် သစ်အမျိုးအစား ပေါင်း ၁၅ဝ ခန့် ပေါက်ရောက် သည်။ ရှင်မတောင် အိုအေစစ် ကို အမှီပြု၍ ဆင်ချောင်းဆည်၊ တောင်ကြားဆည်၊ တောင်ဝါတောင် ဆည်၊ အညာတောဆည် များနှင့် သောက်သုံးရေ အပြင် လယ်ယာမြေ ဧက
ပေါင်းများစွာဖြင့် စိမ်းလန်း စိုပြည် နေကြောင်း သိရသည်။
(ပြည်မြန်မာ မှ)





Credit- ​ရေစကြို သတင်းမီဒီယာ

ရေစကြို ရှင်​မ​တောင်​ သနပ်​ခါး



 ရေစကြိုမြို့နယ်က ရှင်မတောင် သနပ်ခါးဟာ ဒေသရှိ ရေမြေသဘာဝ ရဲ့ 
ထူးခြားချက် များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြု ရလောက်အောင် အပွေးညို၍ အမွှေး ပိုလေ့ ရှိပါတယ်။ 

- သနပ်ခါးပင် ကို ကြည့်တဲ့နေရာမှာ အပင်တုတ် မတုတ်ထက်၊ အပွေးအရောင် အသွေး နဲ့ အထူကို ကြည့်လိုက်ပါ။ 
အပွေး အခေါက်ပါပြီး အညိုရောင် အခေါက်ကြီးများ အချောင်းချောင်း။ ကပ်နေပါမယ် အမြောင်းကြား မှာ အခေါက်သားမှာ အက်ကွဲရာ ကလေးများ ကဖြူနေပြီး သူ့ဘေးက အခေါက်သားမှာ ပုဇွန်ဆီသွေးရောင် ကလေး ထင်နေမည် ဆိုပါက အဲဒီသနပ်ခါး တုံးဟာ မွှေးပျံသင်းကြိုင်ပါမယ်လို့ တထစ်ချ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ 

- လက်သည်း ဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင် သွားပါက အခေါက်သားနုတာမို့  မ၀ယ်သင့် ပါဘူး..။ 

- လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေရင် လည်း အဆင်မပြေပါဘူး .။ သနပ်ခါးအတုံးဟာ အသားကျစ်မှုနည်းပြီး ရေဓာတ် ခန်းသွားတာမို့ အလေးချိန် ပေါ့နေခြင်း ဖြစ်ပါတယ်။ 
သက်တမ်း ရင့် အပင်ဟာ အသားကျစ်သိပ်သည်းမှု ရှိပါတယ်။ အခြားအပင်တွေ ထက် ပိုမိုလေးလံပါတယ်။ 

- ဖြတ်ထားကာစ သနပ်ခါးတုံးရဲ့ အတွင်းသား ကလေးဟာ စွဲမက်စရာ ချိုသင်းတဲ့ အနံ့ကလေးဖြစ်ပါတယ်.။ 
ချဉ်စူးစူး အနံ့ ရနေပြီဆိုရင် မှိုစွဲနေတာဖြစ်ပါတယ်။ သနပ်ခါးတုံး ထိပ်ဝမှာရှိတဲ့ အခေါက်နဲ့ အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ 
အလယ်က အသားနေရာမှာပါ ပြာနေပြီဆိုပါက အဲဒါဟာ သေနေတဲ့ သနပ်ခါးပင်ခြောက်ကို ခုတ်လာခဲ့ခြင်းမို့ ကိုင်ကြည့် လိုက်ရုံဖြင့် ပေါ့ရွှတ်နေပါလိမ့်မယ်။ 
အဲဒီအပင်မျိုးးကတော့ ဘယ်လိုမှ မွှေးမှာ မဟုတ်ပါ ..။ 


ရွှေအိုး (မိုမိုလေး)




Credit- Momolay

ကူနီနတ်နန်းနှင့် ပခန်းကိုကြီးကျော် ၏ ရာဇဝင်သမိုင်းကြောင်း

ကူနီနတ်နန်းနှင့် ပခန်းကိုကြီးကျော် ၏ ရာဇဝင်သမိုင်းကြောင်း
       
           
                  တပေါင်းလ ရောက်သော် အညာဒေသ မြင်းခြံ l ပခုက္ကူ နှင့် ရေစကြို နယ်တို့တွင် လှုတ်လှုတ်ရွရွ။ ကူနီနတ်နန်း နှင့် ပခန်းကိုကြီးကျော် နတ်ပွဲးသို့ လောကီးအကျိုး စီးပွား လိုလား တောင်းတသူများ နှင့် မူးချင်l ရူးချင် l ပျော်ချင် l ပါးချင် သူတို့ တပျော်တပါး သွားကြ၏။ ယင်းပွဲမှာ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုနှင့် အညာဒေသ ပွဲတော် တစ်ခု၏ အလှတရား တို့ပေါင်းဆက် တည်ရှိရာ ရိုးရာနတ်ပွဲး လည်းဖြစ်သည်။          
                 သို့သော် ထိုနတ်ပွဲး အကြောင်း ဂဃနဏ သိသူ လေ့လာသူမှာ ရှား၏။
                ပုဂံခေတ် သက္ကရာဇ် ၉၆ တွင် သိင်္ဃမင်း အနိစ္စရောက်လျှင် သားတော်ကြီး သိန်းခွန်းမင်း နန်းတက်၏။ ပုဂံမင်းဆက် ၅၅ ဆက် တွင် သိန်းခွန်မင်းသည် ၂၇ ဆက်မြောက် ဖြစ်သည်။ အေဒီ ၇၃၄ မှ ၇၄၄ အထိနန်းစံခဲ့သည်။ အနော်ရထာ မတိုင်မှီ အနှစ် ၃၀၀ တိတိတွင် အနိစ္စ ရောက်၏။ ထိုမင်းတွင် ရွှေကိုင်း (မြောက်နန်း) နှင့် ရွှေလောင်း (တောင်နန်း) မိဖုရား နှစ်ပါးရှိလေသည်။ ရွှေလောင်း မိဖုရားမှာ ရွှေလောင်းမြို့စား မင်းမျိုးမင်းနွယ် ဖြစ်၏။ ရွှေကိုင်း မှာ မြင်းခြံမြို့ အနီး သဲဖြူဝရွာ အနီးမှ ရွှေကိုင်းရွာသူ ဖြစ်၏။ ရွှေကိုင်းမိဖုရား မှ ဖွားမြင်သူမှာ စည်သူ နှင့် ကျော်စွာ ညီနောင် အသက်ကြီးသူများ ဖြစ်၏။ ရွှေလောင်းမိဖုရားမှ ဖွားမြင်သော ရွှေလောင်းမင်းသားမှာ အသက်ငယ်သူ ဖြစ်သည်။
             မင်းကြီးသည် ညီနောင် ၃ပါး ဖြစ်၍ အိမ်ရှေ့ရာထူးနှင့် ထီးနန်းလွှဲအပ်ရန် စဉ်းစားရ ခက်နေသည်။ အစဉ်လာအရ တောင်နန်း၏ သားတော်သာ အိမ်ရှေ့အရာ ပေးရပေမည်။ သို့သော် အသက်မှာ အငယ်ဆုံးဖြစ်၍ ၁၈ နှစ်ပင်မပြည့်။ သာတော်ကြီးများ ပေးလျှင်လည်း အစဉ်အလာ ပယ်ရာကျပေမည်။ မပေးခင် မင်းကြီး သေလျှင်လည်း နန်းလုပွဲ ဖြစ်ကြတော့မည်။
               ထိုစဉ် တောင်ညိုလယ်မ နှင့် တောင်ငူ အရပ် တွင် ပုန်ကန်မှု ဖြစ်ရာ သားကြီး နှစ်ပါးကို နှိမ်နင်းရန် စစ်ထွက်စေ၏။ မင်းသားကြီး နှစ်ပါး စစ်ထွက်နေစဉ် မင်းကြီး နာမကျန်းဖြစ်ရာ သားတော် အငယ်ဆုံး အားထီနန်း အပ်လေ၏။ တောင်းနန်း၏ သားတော် အိမ်ရှေ့အရာ ပေးသည်မှာ အစဉ်လာဖြစ်၍ မှူးမတ်များလည်း သဘော တူညီကြလေသည်။ သို့သော် ရွှေကိုင်းမိဖုရားမှာ မကျေနပ်။ ဝမ်းနည်း ပူဆွေးကာ သောကမီးတောက်လောင်၍ သေလေရာ နတ်စိမ်း ဖြစ်လေတော့၏။
              မြင်းခြံမြို့နယ် ကိုင်းရွာတွင် ရွှေကိုင်းမယ်တော်ကြီး နတ်နန်းရှိ၏။ နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်တွင် သားဖြစ်သူ ပခန်းကိုကြီးကျော် ကူနီနတ်ပွဲးသို့ နန်းတက်သည်။ ကျော်စွာမင်းသား၏ ကျုံးတူးမြောင်း ကိုမြင်လျှင် စိတ်နာသည်ဟု အဆိုရှိ၏။ ဧရာဝတီကို ဖြတ်ကာ ရွာစဉ်တလျှောက် ရပ်နား၍ လဆန်း ၁၂ ရက်တွင် နွယ်နီရွာ ဝင်၍ညအိပ် ရပ်းနားပြီး နောက်နေ့တွင် ထိုမှ ကျွဲလှည်းစီး၍ ကူနီနန်းသို့ ဝင်လေသည်။ သားကို မကြည့်လို၍ နောက်ပြန် နန်းတက်လေ့ရှိသည်။ ဓားသွေးပြီး ပြန်ဆင်းကာ ယာယီနန်းဖြင့် စံလေ၏။
               ညီနောင်နှစ်ပါးသည် တောင်ငူအရပ်မှ ပုန်ကန်မှု နှိမ်နင်း အောင်မြင် သဖြင့် ပုဂံသို့ အပြန်ခရီးတွင် ညီတော် ရွှေလောင်း မင်းသားအား အိမ်ရှေ့အရာ ပေးအပ်း၍ မယ်တော်ကြီး ကွယ်လွန်ကြောင်း သိလျှင် ပုဂံသို့ မပြန်တော့ပဲ ဧရာဝတီကို ဖြတ်လျှက် မြောက်သို့ ထွက်ခွါလာ၏။ အရှေ့ဘက် နှင့် မြောက်ဘက်တွင် ချင်းတွင်း l တောင်ဘက် တွင် ဧရာဝတီ l အနောက်ဘက်တွင် ရှင်မတောင် တောင်မကြီး ဝန်းရံထားသော မြေပြန့် လွင်ပြင်တွင် ရပ်နားကြ၏။ ထိုနေရာသည် ဂေါတမ ဘုရား အလောင်းတော် ခြင်္သေ့မင်း l ကျေးမင်း l ဟင်္သာမင်း ဘဝနေခဲ့ဘူးသော အရပ်ဖြစ်ခြင်း l ဓနုသီဟမင်း မြို့တည် ခဲ့ဘူးသော နေရာဖြစ်ခြင်းကြောင့် ခံတပ်နှင့် မြို့သစ် တည်ကြလေ၏။ မြစ်ကို ကူးသန်းဖြတ်ကျော် မြို့တည်သောကြောင့် ကူးသန်းမြို့ဟု ခေါ်စေ၏။ မြို့ရိုး l ကျုံး တည်ဆောက်ရာ ချင်းတွင်းမြစ်ရေကို တူးမြောင်းဖြင့် သွယ်ယူရန် ဆုံးဖြတ်လေသည်။ စည်သူ မင်းသားသည် မြို့ရိုးနှင့် ကျုံးကို တာဝန်ယူ တည်ဆောက်၍ ကျော်စွာမင်းသားမှာ တူးမြောင်းကို တာဝန်ယူ တည်ဆောက် ရ၏။ ကျော်စွာမှာ တူးမြောင်းကို စိတ်မဝင်စား ဂရုမစိုက်ပဲ ထန်းရည်သောက် ကြက်တိုက်ဖြင့် အချိန်ကုန်လွန်၏။ မြို့တည် သည့်နှင့် တပြိုင်တည်း ကူဖြူ နှင့် ကူနီ ဘုရားများလည်း တည်ထား၏။ ကူဖြူ ဘုရားမှာ တူးမြောင်း အနောက်ဘက်တွင် ရှိ၍ ကူနီဘုရားမှာ အရှေ့ဘက်တွင် ရှိ၏။
             ဧရာဝတီနှင့် ချင်းတွင်းကြား ကျုံးဖြင့် ဆက်သွယ်သော တူးမြောင်းကြီး ရေစတင်လွှတ်သောနေ့။ ရေစတင် ကြိုယူသောရွာကို ရေစကြိုဟု သတ်မှတ်၏။ ရေမှာ မြောင်းတွင်းသို့ မစီးဝင် ရေမဆင်း၍ နောင်တော်ကြီး စည်သူမင်းသားမှာ ညီတော်အပေါ် အမျက်ဒေါသ ထွက်လျှက်။ ထိုအချိန် ရွှေကူနီ ဖုရားအနီး ကြက်ဝိုင်းတွင် ညီတော် မင်းသား ကျော်စွာ မှာ ထန်းရေကြိုက်လိုက် ကြက်တိုက်လိုက် လုပ်နေ၏။ တူးမြောင်းအတွင်း ရေမဝင်၍ ဒေါသ ထွက်နေသော နောင်တော်သည် ညီတော်ကို ဇွတ်ခေါ်စေ၍ ညောင်ဖြူပင် ခြေရင်းတွင် လက်သုံးတော် ဓားဖြင့် ခုတ်ပိုင် သတ်လေရာ ကျော်စွာ မှာ ကြက်ကိုပိုက်လျှက် မြင်းမှကျ၍ သေလေ၏။ ၎င်း၏ ဇနီး မဘို့မယ် မှလည်း သူကိုပါ သတ်ရန် ငိုယိုဆဲဆိုသဖြင့် သူ့ကိုပါ သတ်ရလေတော့သည်။
             
               ထိုမှ နတ်စိမ်း ဖြစ်သွားသော ကျော်စွာ နှင့် တပည့်များသည် နောင်တော် စည်သူမင်းသား ကူဖြူဘုရားသို့ ရောက်လျှင် ဝိုင်း၍ သတ်ရာ စည်သူလည်း နတ်ဖြစ်လေ၏။ ဂူဖြူ ဘုရား အနီး စည်သူ၏ နတ်ကွန်းမှာ မြစ်ရေ တိုက်စားသဖြင့် ယခုမရှိတော့ပေ။ နောင်တွင် စည်သူမင်းသား၏ နတ်နန်းမှာ ၃ မိုင်မျှဝေးသော နေရင်းရွာတွင် ရှိပြီး တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ညီတော့် နန်းသို့ တက်၏။ ကိုကြီးကျော်နန်း အရှေ့ဘက်တွင် ယာယီနန်းထိုးကာ နန်းပေါ်သို့ နောက်ပြန်တက်ပြီး ဓားသွေးကာ ပြန်ဆင်းလေရှိသည်။
             ညီနောင် နှစ်ပါးသည် အဖေတူ အမေတူ တစ်အူတည်းဆင် ညီအကိုရင်း ဖြစ်လျှက် တစ်ယောက်နှင့် တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ကြ၍ နတ်စိမ်းများ ဖြစ်သွားကြသည်။
                ဗုဒ္ဓ ဟောသော ၃၁ ဘုံတွင် ဗြဟ္မပြည် ၂၀ နှင့် နတ်ပြည် ၆ ထပ်သည် နတ်စိမ်းတို့ နေရာ ဌာနမဟုတ်။ ငရဲပြည်မှာလည်း သီးခြား ဖြစ်တည်၏။ လူ l တိရိစ္ဆာန် (မြင်ရသော သတ္တဝါ) ဗြိတ္တာ l အသူရကာယ် (မမြင်နိုင်သော သတ္တဝါ) တို့မှာ ရောနှော တည်ရှိ၏။ အတူ နေထိုင်သော ဘုံဌာနဖြစ်၍ ကိုးကွယ်သည် ဖြစ်စေ ကူညီသည်ဖြစ်စေ မေတ္တာကို အခြေခံ ဆက်နွယ်သဖြင့် ကောင်းသော အမှုဖြစ်ပေသည်။              
                ထေရ်ဝါဒ ဗုဒ္ဓ ဘာသာတွင်မှု သရဏဂုံ သုံးပါးသာ ယုံကြည်အားထား ကိုးကွယ်ရာ ဖြစ်၍ နတ်စိမ်းတို့အား ကိုးကွယ် ယုံကြည်ခြင်းထက် မေတ္တာပို့ အမျှဝေခြင်း l ဗလိနတ်စာ ကျွေးခြင်း က ပိုမိုသင့်မြတ်ပေသည်။
                လူတိုင်းတွင် မတူညီသော အသိဥာဏ် l ပညာ l အယူအဆ l ယုံကြည်မှု နှင့် ကိုးကွယ်မှုများ ရှိကြ၏။  တပါးသူအား မထိခိုက်သ၍ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်၏။
               တိုင်းပြည် စည်ကားကြောင်း ခုနှစ်ပါးတွင် "နတ်ဌာန် အရပ်ကိုလည်း ပို့သမြဲ ပို့သရာ၏" ဟုတစ်ပါး ပါဝင်ပေသည်။ မြန်မာတို့သည် "ရှေးထုံးလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟု ရှေလူကြီးတို့ ဆိုရိုးစကား ရှိလေရာ မိမိစိတ်ဆန္ဒသာ အဓိက ဖြစ်ပါကြောင်းးးးးးးးး
                                           မှီငြမ်း
                                 ဒေါက်တာ သက်လွင်
                                            ရေး
                                ကူနီနန်း နှင့် ပခန်းမြေ






Credit - ​ရေစကြို သတင်းမီဒီယာ

ကျွန်တော်တို့မြို့လေး (သို့) သုံးမည်ရ ရေစကြို

ကျွန်တော်တို့မြို့လေး (သို့) သုံးမည်ရ ရေစကြို


တည်နေရာ >>>
မြောက်လတ္တီတွဒ် (၂၁) ဒီဂရီ (၀၈) မိနစ်  မှ (၂၁) ဒီဂရီ (၅၁)မိနစ် (၄၅)စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၀၁) မိနစ် (၄၅)စက္ကန့် ၊ (၉၅)ဒီဂရီ (၂၀)မိနစ် (၂၀)စက္ကန့် အကြားတွင် တည်ရှိပါသည်။ရန်ကုန်မြို့မှ မြောက် (၁၀) ဒီဂရီ နှင့် မျဉ်းဖြောင့် (၃၅၀) မိုင်တွင် တည်ရှိသည်။

နယ်နိမိတ် >>>
အရှေ့ဘက်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ်။
အနောက်ဘက်တွင် မကွေးတိုင်း မြိုင်မြို့နယ်။
တောင်ဘက်တွင် ပခုက္ကူမြို့နယ်။
မြောက်ဘက်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်
တို့ အကြားတွင်တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင် >>> ထူးခြားသည့်မြေနိမ့်ချိုင့်ဝှမ်းလွင်ပြင်များမရှိဘဲ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၀) ပေတွင်တည်ရှိသည်။

သမိုင်းအကျဉ်းအနေနှင့် -
မြန်မာသက္ကရာဇ် (၂၂၇) တွင် ပုဂံပြည် သိမ်းခိုမင်း၏ သားတော်များဖြစ်ကြသည့် စည်သူနှင့်ကျော်စွာ မင်းသားနှစ်ပါး ရေစကြိုမြို့သို့ရောက်ရှိစဉ် စပါးသီးနှံအဓိကထားစိုက်ပျိုးနိုင်စေရန် ဒေသအခြေအနေ အရ ရေလုံလောက်စွာရရှိအောင် သလ္လာဝတီမြစ် ခေါ် ချင်းတွင်းမြစ် မြစ်ဆုံဝမှ ရေသွင်းတူးမြောင်းများဖောက်၍ ရေကိုရရှိအောင်အသုံးပြုခဲ့ကြသည်။ ရေကိုစတင် ကြို ယူခဲ့သောအရပ်ကို ရေ - စကြို အရပ်ဟုလူသိများလာပြီး ထိုအရပ်ရှိရွာငယ်လေးများကိုလဲ ရေစကြိုရွာဟုခေါ်ဝေါ်လာကြသည်။နောင်တွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အနယ်နယ်အရပ်ရပ်မှ ပြောင်းရွေ့မှီခိုလာကြခြင်းနှင့် ကိုလိုနီခေတ် ၊ အင်္ဂလိပ်ခေတ်တို့တွင် ချင်းတွင်းမြစ်ကြောင်းဆက်သွယ်မှုအဓိကထား၍ ရေစကြိုမြို့တွင် မြို့ပိုင်ရုံးစိုက်လျက် မြို့သတ်မှတ်ခဲ့သည်။
စည်သူ နှင့် ကျော်စွာ မင်းသားနှစ်ပါး မရောက်မီ အချိန်ကတည်းက မဟာဂါမ ဟူသောရွာကြီးအမည်ဖြင့် တည်ရှိခဲ့ရာမှ ထိုမင်းသားနှစ်ပါးရောက်ရှိပြီး စိုက်ပျိုးရေ အတွက် တူးမြောင်းသွယ်ယူ ဖောက်လုပ်ခဲ့၍    မြောင်းတူးရွာ ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြသည်။ ထိုမှ ရေများကို စတင် ကြိုယူခဲ့သောကြောင့် ရေ စကြို အရပ်ဟုပြောင်းလဲခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
 ထို့ကြောင့် . မဟာဂါမ ၊ မြောင်းတူးရွာ ၊ ရေစကြို ဟူ၍ သုံးမည်ရ အမည်တွင်လေသည်။



Credit - ​ရေစကြို သတင်းမီဒီယာ

ကျန်းမာရေး အထောက်အကူပြု တမာရွက်နု

ကျန်းမာရေး အထောက်အကူပြု တမာရွက်နု

ခိုင်မီမီကို ( ရေစကြို )

ယခုရာသီအချိန် ဆောင်းအကုန် နွေအကူး ကာလသည် တမာရွက်နု လေးများ ပေါ်ထွက်ချိန် ဖြစ်သည်။ အညာနှင့်တမာ သည် ခွဲခြား၍ မရပါ။ တမာပင် များသည် များသောအားဖြင့် အညာမြေတွင် ပေါက်ရောက် တတ်သော အပင်မျိုး ဖြစ်သည်။ တမာရွက်တွင် စားတမာနှင့် ခါးတမာဟူ၍ နှစ်မျိုး ရှိသည်။ စားတမာသည် ယခုရာသီတွင် အဖူးနှင့် အရွက်နုများ ရော၍ ထွက်သည်။ ခါးတမာသည် စားတမာထက် တစ်လခန့်နောက်ကျပြီးမှ ရွက်နု ထွက်တတ်သည်။ တမာရွက်သည် လူတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပြု သောကြောင့် တမာရွက် ပေါ်ချိန်တွင် စားသုံးသင့်သည်။ တမာသည် လူတို့ခန္ဓာကိုယ်ကို အထောက်အကူ ပြုရုံသာမက လွန်ခဲ့သော နှစ်ပေါင်း ၄၅ဝဝ ခန့်က တမာရိုးတံ များကို သွားတိုက်တံ အဖြစ် အသုံးပြု ခဲ့ကြသည်။ ၁၉၂ဝ ပြည့်နှစ်မှစပြီး တမာဆိုင်ရာ သုတေသန လုပ်ငန်းများကို အိန္ဒိယ ပညာရှင်များက စတင်စမ်းသပ် လေ့လာခဲ့ကြသည်။

၁၉၅၉  ခုနှစ်တွင် ဆူဒန်နိုင်ငံ၌ ကျိုင်းကောင် ကပ်ဆိုက်ရောက် နေစဉ်တွင် ဂျာမန်လူမျိုး ပညာရှင် HESinrich Schm CttESrES ဆိုသူသည် အဆိုပါနိုင်ငံ၌ တာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်။ စိမ်းလန်းသော သစ်ပင်ကြီးများ၊ ယာခင်းများ၊ စပါးခင်းများ၊ ဂျုံခင်းများ အားလုံးအပေါ် ထောင်ပေါင်း များစွာသော ကျိုင်းကောင်အုပ်ကြီး ကျရောက် ဖျက်ဆီးခြင်း ခံရသည်။ တမာပင်တန်း ပေါ်သို့ ကျိုင်းကောင်အုပ်ကြီး ကျရောက်သော်လည်း တမာပင်များကို စားသောက် ဖျက်ဆီးခြင်း မပြုသည်ကို HESinrich Schm CttESrES သတိထား မိလိုက်သည်။ ထိုအချိန်မှ စ၍ HESinrich Schm CttESrES နှင့်သူ၏ တပည့်များသည် တမာစေ့နှင့် တမာရွက်များကို နှစ်ပေါင်း သုံးဆယ်ခန့် အပြင်းအထန် ဓာတ်ခွဲစမ်းသပ် လေ့လာခဲ့ ကြသည်။ ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ သိပ္ပံပညာရှင် သုံးဦးတို့၏ စမ်းသပ် လေ့လာမှုများ ပေါ်ထွက်လာ ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ သိပ္ပံပညာရှင် များ၏ တက်ကြွသော တမာ သုတေသန လုပ်ငန်းများစွာ သိပ္ပံလောကတွင် ပေါ်ပေါက် လာခဲ့သည်။ တမာသည် ဗိုင်းရပ်စ်ပိုး များကို ကာကွယ်နှိမ်နင်း နိုင်သည်။

၁၉၉၃ခုနှစ်တွင် Robert Larson ဆိုသူ အမေရိကန် သိပ္ပံပညာရှင်၏ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်မှု တစ်ခု၌ တမာတွင် ပါဝင်သော ဓာတ်ပေါင်း တို့သည် HIV/ AIDS ဗိုင်းရပ်စ်ပိုးများ သေစေနိုင်သည်ကို တွေ့ရှိထားသည်။ တမာတွင် ပါဝင်သော ဓာတ်ပေါင်းများသည် ဗိုင်းရပ်စ် မျိုးစိတ်ပေါင်း များစွာတို့အပေါ် အကျိုး သက်ရောက်မှု ရှိသည်။ ဗိုင်းရပ်စ်ပိုးများ ပွားများမှုကို ဟန့်တားနိုင်ခြင်း၊ သေကျေပျက်စီး စေခြင်းဖြင့် ကာကွယ်နှိမ်နင်း နိုင်သည်။ တမာတွင် ပါဝင်သော ဓာတ်ပေါင်းတို့သည် ဗက်တီးရီးယား ပိုးမျိုးစိတ် များစွာတို့အပေါ် ထင်ရှားစွာထိ ရောက်မှုရှိသည်။ တမာတွင် ပါဝင်သော Polysappharides များသည် ခုခံအားစနစ် ကိုလည်း တိုးတတ်ကောင်းမွန် စေသည်။ ရေတွင်ပျော်ဝင် နိုင်သော တမာရွက် အဆီအနှစ် များသည် ခုခံအားစနစ်တွင် အရေးပါသော CD4 cERrs; haESmomlobin နှင့် platEIES များ တိုးတတ်လာကြောင်း ၁၉၉၃ ခုနှစ်က အိန္ဒိယ သိပ္ပံပညာရှင် Parasad က တွေ့ရှိထားသည်။

တမာတွင် ပါဝင်သော ဓာတ်ပေါင်းတို့သည် အကြောများကို ပျော့ပျောင်းစေပြီး ကျုံ့နိုင်ကျယ်နိုင် စေခြင်း၊ သွေးကို အောက်ဆီဂျင် ပို့ပေးခြင်း ၊ သွေးကြောအတွင်း သွေးမခဲစေရန် ဟန့်တားပေးခြင်း၊ သွေးတွင်းအဆီ ကိုလက်စထရော များကို နည်းစေခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေခြင်း ဖြင့် သွေးဖိအားကို ပုံမှန်အခြေအနေထိ ကျဆင်းစေသည်။ စိတ်ဖိစီးမှု လျော့နည်းစေပြီး သွေးတွင်း သကြားဓာတ် ကိုလည်း သိသိသာသာ ကျဆင်းစေသည်။ နှလုံး သွေးကြောကျဉ်း ရောဂါကိုလည်း များစွာ အထောက်အကူပြု စေပါသည်။

ဒန္တီမှာဆား ဝမ်းမှာခါး ဆိုသည့် ရှေးရိုးစကား ရှိသည့်အတိုင်း တမာရွက် စားခြင်းအားဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးများမှာ များပြားလှသည်။ တမာရွက်၏ အစွမ်းသတ္တိ များမှာ အက်စပရင် နှင့် ဂုဏ်သတ္တိ တူညီသော ဓာတ်ပေါင်းတစ်မျိုး ပါဝင်သောကြောင့် နာကျင် ကိုက်ခဲခြင်းကို သက်သာစေသည်။ စိတ်ဖိစီးမှုကို သက်သာစေပြီး အိပ်မပျော်သော ရောဂါများကို သက်သာစေသည်။ gram-positivES နှင့် gram-negativES ဗက်တီးရီးယားများ၊ ဆေးယဉ်ပါး နေသော တီဘီပိုးများနှင့် ဆေးယဉ်ပါး ငှက်ဖျားပိုးများကို နှိမ်နင်းနိုင်သည်။ ပွေး၊ ဝဲ၊ ယားနာ၊ နှင်းခူအစို အခြောက်၊ အနာစက်၊ အနာကြီး စသော ရောဂါများကို ထိရောက်စွာ ကုသနိုင်ကြောင်း သိရသည်။ အဖျားရောဂါ အမျိုးမျိုးနှင့် ဝမ်းပျက်၊ ဝမ်းလျော၊ ဝမ်းကိုက်ရောဂါ အမျိုးမျိုးကို ထိရောက်စွာ ကုသနိုင်သည် ဟုလည်း သိရသည်။ ထိုကဲ့သို့ ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိသော တမာရွက်ကို ပေါ်ချိန်များတွင် စားသုံး ပေးသင့်သည်။

ရေစကြိုမြို့သည် အညာမြေ ဖြစ်သောကြောင့် တမာပင်များစွာ ပေါက်ရောက်သော ဒေသဖြစ်သည်။ ယခုအချိန်သည် တမာရွက်နု များကို ခူးပြီးပြုတ်ကာ ဈေးတွင် ရောင်းချ နေကြသည်။ ထိုတမာ ရွက်နုပြုတ် လေးများကို အနည်းဆုံး ငွေကျပ် ၂ဝဝ ဖိုး သုံးစည်းနှုန်းဖြင့် ရောင်းချသည်။ အခြားမြို့ များသို့ တင်ပို့ ရောင်းချ ရာတွင်လည်း ကြာရှည်ခံ စေရန် တမာရွက်ချဉ် လုပ်၍ တင်ပို့ ရောင်းချကြသည်။ ကျန်းမာရေး အထောက်အကူ ပြုသော တမာရွက်ကို အခါး မကြိုက်သော သူများ အနေဖြင့်လည်း ဆေးဖြစ် ဝါးဖြစ် လူတိုင်း စားသုံးပေးသင့် ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။





Credit- မြဝတီ

Sunday, April 10, 2016

ပခန်းကြီး & ပခန်းငယ် ကျောင်းတော်ကြီးအ ကြောင်းသိမှတ်စရာများ

ပခန်းကြီး & ပခန်းငယ် ကျောင်းတော်ကြီးအ
ကြောင်းသိမှတ်စရာများ

>>> ပခန်းကြီး ကျောင်း <<<
ပခုက္ကူ ဒေသ ပခန်းကြီး နယ်မြေ သည် အလွန်ကျယ်ဝန်းပြီး ဆရာချစ်စံဝင်းကတောင် ဒုတိယပုဂံလို့တောင် တင်စားခေါ်ဝေါ် ရလောက်အောင် ရှေးဟောင်းအဆောက်အဦး စေတီပုထိုးများနဲ့ ပြည့်နှက်နေပါတယ်။ ပခန်း ပြတိုက် မှူးကြီး ဦးဌေးဝင်းမောင် ၏ မှတ်တမ်း အရ ရှေးဟောင်း အဆောက် အအုံ ပေါင်း ၃၅၈ ခု နှင့် နံရံ ဆေးရေး ပန်းချီ ရှိ စေတီ ပေါင်း ၈ဝ ကျော် ရှိသည် ဟု သိရ ပါသည်။  ပခန်းကြီး ကျောင်းတော်ကို မင်းမှုထမ်း၊ ကျီဝန်၊ သက်တော်ရှည် နှင့် မှန်ကင်းဝန် စသည့် သုံးမည်ရ တံခါး ဦးဘိုးတုတ်က ၎င်း၏ ဆရာ တော် ဦးဂုဏသီတင်းသုံးနေထိုင်ရန် ၁၈၆၈ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်။ ကျောင်းတော်ဆောက်လုပ်ရန်လိုအပ်သော ကျွန်း သစ်များကို မင်းတုန်းမင်း၏ ခွင့်ပြု ချက်ဖြင့် ဘုရင်ပိုင်အရာတော်သစ် ကွင်းများမှ အလိုရှိသလောက်ခုတ်ယူ ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပခန်းကြီးမြို့သို့ သယ်ယူဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်ကြီး အား နှစ်နှစ်ကြာတည်ဆောက်ကာ သစ်ဖိုး မပါ ဆောက်လုပ်ခနှင့် သယ်ယူခ ကုန်ကျငွေမှာ ပဋိလောမပဋိက္ကမ သင်္ချာနည်းအရ ''ကွမ်းသီးတစ်လုံး ဖိုး'' ဟု အမှတ်အသားပြုကာ ၅၄၇၆၂ ကျပ် ကုန်ကျခဲ့ကြောင်း သိရသည်။

''ကျောင်းတကာ ဦးဘိုးတုတ်ရဲ့ ငယ်ဘဝက ချို့တဲ့ရှာတော့ ဆရာ တော် ဦးဂုဏကျောင်းမှာ ဘုန်းကြီး ကျောင်းသားအဖြစ် နေထိုင်ခဲ့ရတယ်။ အဲဒီနောက် လှေပေါင်းထိုင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရာကနေ သူ့ရဲ့ကြိုးစားမှုကြောင့် လှေသူကြီး အဖြစ်ရောက်ရှိလာခဲ့တယ်။ ပုဂံမင်း နဲ့ လွှတ်တက် မင်းတုန်းမင်းတို့ ၁၂၁၄ ခုနှစ် စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ ဆရာတော်ကြီးရဲ့တပည့်ပီပီ အတွက် အချက်ကောင်းကောင်းနဲ့ နောင် အကျိုးရှိစေရန်မျှော်တွေးပြီး လွှတ် တက်မင်းတုန်းမင်းကို စစ်ရိက္ခာ အဖြစ်လှေရောကုန်ပါ ဆက်သအပ်နှံ လိုက်တယ်လေ။ ဒါကြောင့် မင်းတုန်း မင်း နန်းတက်လာတဲ့အခါမှာ ဒီကျေးဇူးကြောင့် ကျီဝန်ရာထူး ချီးမြှင့် ခြင်းခံခဲ့ရတာပါ'' ဟု ကျောင်းတော် ကြီးအား အနီး ကပ်စောင့်ရှောက် နေသူ အဘဦးထွန်းကြည်က ရှင်းလင်းပြောပြသည်။

ကျောင်းတော်ကြီးသည် ရတနာပုံ ခေတ်လက်ရာအတိုင်း ဘုရားခန်း၊ ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီး၊ ဘောဂဆောင်၊ စင်္ကြံ ပတ်လမ်းတို့ ဖွဲ့စည်းပါဝင်သည်။

ကျောင်းတော်ကြီးမှာ မြောက်မှ တောင် အနံ ၁၂ ပင်၊ အရှေ့ အနောက် အလျား ၂၄ ပင်ရှိသည်။ ကျွန်း တိုင်ပေါင်း ၂၅၄ တိုင်ဖြင့် ဆောက် လုပ်ထားသောကြောင့် ''တိုင် ပေါင်းတွက်ကျောက်မျက်ရွဲ'' ဟု တိုင် အရေအတွက်ကို မှတ်သားကြသည်။ တိုင်လုံးပတ်လည်မှာ ၆ ပေ ၄ လက်မ မှ ၇ ပေ ၂ လက်မ (၂ မီတာ) အထိ ရှိသည်။ တိုင်ထိပ်အဝမှာ လက်မ ၃ဝ (၇၆ စင်တီမီတာ)ခန့်ရှိသည်။ အမြင့် ဆုံးတိုင်သည် ပေ ၉ဝ ရှိသည်။ ကျောင်းတော်ကြီးသည် သစ်ထူး သုံးမျိုးပါရှိ သည်ဟု ပြော ဆိုကြသေး သည်။ ၎င်းတို့မှာ သစ်ခြောက်၊ သစ်ဘီလူး၊ သစ်ကျွဲ တို့ဖြစ်သည်။ ထုပ်နှင့်လျောက်များမှာ ထု ၈ လက်မ (၂ဝ စင်တီမီတာ ) ၊ ဗြက် ၂ ပေ (၆ဝ စင်တီမီတာ) ရှိသည်။ ဤ ကြီးမား သော ထုပ်တန်း၊ လျောက်တန်းများ ကို ကျွန်းတိုင်ကြီးများတွင် လျှိုဖောက် ကာတပ်ဆင်ထားကြသည်။

အတန်းမြင့်မားသောနေရာတွင် တင်၍ လျှိုဖောက်ရသောကြောင့် ခက်ခဲစွာ ပြုလုပ်ထားကြောင်း တွေ့ရ သည်။ တိုင်လုံးကြီးများ လုံးပတ်ကြီး မားခြင်းနှင့် ထုပ်လျောက် တို့မှာ ဗြက်ကြီးမားခြင်းကြောင့် လက် သမားဆရာတို့ လုပ်ကိုင်ရသည်မှာ အလွန်ခက်ခဲ လှသည်ကို မှန်းဆနိုင် သည်။ ထိုကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ရာတွင် ဆင်များကို အသုံးပြုခဲ့ပြီး ကျောင်းတော်ကြီးဆောက်စဉ် ဆုံးပါးသွားသော ဆင်ကြီးကို ကျောင်းဝင်းအတွင်း မြှုပ်နှံထားသည်ဟု ကျောင်းစောင့် ဘကြီးက ရှင်းပြပါတယ်။ ယခုအခါတွင် ပခန်းကြီး ကျောင်းတော်ကြီးကို ရှေးဟောင်း သုတေသန မှ ပြုပြင် ထိန်းသိမ်းထား သည်။

>>> ပခန်းငယ် ကျောင်းတော်ကြီး <<<<
.
ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာ တွင် နှစ် ဧက ကျယ်ဝန်း သော ပခန်းငယ် ကျောင်းတော် ကြီး တည်ရှိ ပါသည်။ ထို ပခန်းငယ် ကျောင်းတော်ကြီး သည် မြန်မာ နိုင်ငံ တွင် အကြီး ဆုံးသော ကုန်းဘောင် ခေတ်နှောင်း ဘုန်းတော်ကြီး ကျောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။
ပခန်းငယ် ကျောင်းတော် ကြီး ကို မင်းတုန်း မင်း လက်ထက် တွင် ပခန်းမြို့ အား အပိုင်စား ရရှိ သည့် မင်းတုန်း မင်းကြီး၏ ငယ် ဆရာ ဦးဝိသုဒ္ဓ တစ် ဖြစ်လဲ ဦးရန်ဝေး မှ ၁၈၆၄ ခုနှစ် တွင် သူ၏ ငယ် ဆရာတော် အား ရည်စူး ကာ ကျွန်းသား ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ကို ပခန်းငယ် ရွာ တွင် ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။ ဗိသုကာ ပညာရှင် မှာ ပခန်းငယ် ရွာမှ  ဦးသာကြီး ဖြစ် သည်။ ကျောင်းကြီး ပြီးစီးရန် ခုနစ်နှစ် ကြာမြင့် သည်ဟု သိရပါတယ်။
.
ကျောင်းတော် ကြီး ၏ အမြင့် မှာ ၇ဝ ပေ (၂၁ မီတာ) ခန့် ရှိသည်။ ကျွန်း တိုင်ကြီး များသည် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) ခန့် အထိ မြင့်မား သည်။ တိုင်လုံး ပတ် မှာ ၆ ပေ ၄ လက်မ မှ ၆ ပေ ၈ လက်မ (၂ မီတာ) အထိ ရှိသည်။ ဤ ကျောင်းတော်ကြီး တွင် စာသင် သား ရဟန်း သံဃာ တော် အပါး ၆ဝ ခန့် သီတင်း သုံး ခဲ့သည်။ ကျောင်းဦး ပြာသာဒ်၊ အဆောင်မ နှင့် ဘောဂ ဆောင် ဟူ ၍ အဓိက အဆောင် ကြီး သုံးခု ရှိခဲ့ သည်။ ကျောင်းဦး ပြာသာဒ် တွင် ပလ္လင် တော် တစ်ခု ပါရှိ ခဲ့သည်။ ပြာသာဒ် ဘုံ မြှင့်တင် ထားသည် ဟု ဆို သည်။ နံရံများ ပေါ်တွင် သစ်သား ပန်းပု များ ရှိခဲ့ကြ သည်။  အဆောင် မကြီးမှာ သုံးဆင့် လည်ပေါ် မိုး ဖြစ်ခဲ့ သည်။ မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။  ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။ ခါးပန်း တွင် ဆွဲသည့် သံမှို မယ်န ကြီးများ မှာ ၆ လက်မ (၁၅ စင်တီမီတာ)  ခန့် အဝန်း ရှိသည်။
.
ယနေ့ ခေတ် ကာလ ၌ ရာသီဥတု ဒဏ်၊ လူတို့ ဒဏ်ကြောင့် ပျက်စီး ယိုယွင်း နေပြီး ကျောင်းကြီး ၏ အရှေ့ဘက် တွင် တစ်ခု၊ အနောက် ဘက် တွင် တစ်ခု၊ မြောက်ဘက် တွင် သုံးခု နှင့် တောင်ဘက် တွင် သုံးခု ဟူ၍ အုတ်လှေ ခါးကြီး ရှစ်စင်း သာ တွေ့မြင် နိုင်တော့ သည်။ တိုင်လုံးကြီး တချို့ လည်း ရှိနေ သေး သည်။ ကျောင်းတော် ကြီး သည်  ချင်းတွင်း မြစ်ကမ်း နဖူး တွင် တည်ရှိ သောကြောင့် ရေလွှမ်း မိုးမှု ဒဏ် က အဓိက ပျက်စီး စေသော အကြောင်း အရင်း လည်း ဖြစ်သည်ဟု ဆိုကြပါတယ်။ အခုတော့ အခွံသာသာ သာကျန်ရှိနေတော့သည်။

(credit - မင်းထက်အောင်=မန်းကိုယ်ပွား)
credit by all photo

Credit- ရေစကြိုသတင်း မီဒီယာ

အချစ်ဦး

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)


သစ္စာစကား - တင်မိုး

သစ္စာစကား - တင်မိုး
******************

ငါတို့နိုင်ငံ
မိုးသောက်ယံဖြစ်ပါစေ...

ညအမှောင်ပျောက်၍
လရောက်တောက်ပါစေ...

အမျက်အအီ အဆိပ်ပြေ၍
ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ...

လမ်းဖုန်ဖုန်ဖွင့်၍
ပန်းအစုံစုံပွင့်ပါစေ...

အကြောက်တရားကြောင့်
ချောက်ချောက်ချားချား
မှောက်မှောက်မှားမှားကင်းပ၍
အလင်းရပါစေ...

အမှောက်အဖျက်
အနှောင့်အယှက်ဟူ၍မရှိ
ပကတိငြိမ်းချမ်း၍
စိမ်းလန်းသောနိုင်ငံတော်ကြီးဖြစ်ပါစေ...

ဤစေတနာ မေတ္တာပွားသည့်
သစ္စာစကားကြောင့်
ကျောက်သားပမာ မြဲခိုင်သည့်
တို့နိုင်ငံကြီး ပေါ်ပေါက်ပါစေသတည်း ...။ ။

တင်မိုး


ရှင်မရွာပြန် - (တင်မိုး)

ရှင်မရွာပြန် - (တင်မိုး)
==============

တို့တနောင်းပင်၊ ပျို့မောင်းစင်သို့
ရှင်မပြန်မှ ပြန်ပါစ။

ကြက်တက်ရွက်သုပ်၊ လက်ဖက်ကြုတ်နှင့်
ဆွမ်းအုပ်ပို့မှ ပို့ပါစ။

ကင်းပုံးသီးချူ၊ ဆီးဖြူသီးဆွတ်
သခွပ်ပင်ရင်း၊ ခြေလက်ခင်း၍
သီချင်းဆိုမှ ဆိုပါစ။

ရှင်မရုပ်သွင်၊ ဘူတာစဉ်၌
ဝင်ချည်ထွက်ချည်၊ မြင်လိုက်သည်တဲ့။

ငါးပိတစ်ခြင်း၊ ဆန်တစ်တင်းနှင့်
သင်္ဘောဆိပ်နား၊ ဂိုဒေါင်းကြား၌
သွားချည်လာချည်၊ မြင်လိုက်သည်တဲ့။

ခံတောင်းတခြား၊ လူတခြားနှင့်
လူကြားငုတ်တုတ်၊ မျက်ရည်သုတ်လျက်
အချုပ်ခန်းတွင်း၊ ဂတ်တဲဝင်း၌
ဆင်းချည်တက်ချည်၊ မြင်လိုက်သည်တဲ့။

ထနောင်းမသင်း၊ မောင်းမနင်း၍
ရောင်းရင်းတို့ရွာ၊ ပျင်းတော့မှာဟု
အရုဏ်တက်တွင်၊ ရွာကိုဝင်သော်
ရွာလျှင် ရှင်မ တွေ့ပါစ။

(တင်မိုး)
၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် သင့်ဘ၀မဂ္ဂဇင်း။