Tuesday, December 29, 2015

မြန်မာ့သနပ်ခါးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စက်မှုနည်းပညာများနှင့် ကူညီထောက်ခံမှုများ လိုအပ်



မန်မာ့သနပ်ခါးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စက်မှုနည်းပညာများနှင့် ကူညီထောက်ခံမှုများ လိုအပ်

ရေစကြို ၊ ၁၀-၁၂-၂၀၁၅

မြန်မာ့သနပ်ခါးကို ပြည်ပဈေးကွက်ထိ ထိုးဖောက်နိုင်ရေး အတွက် သနပ်ခါးများကို စက်မှုနည်းပညာ စနစ်သစ်များဖြင့် စမ်းသပ် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းနှင့် သက်ဆိုင်ရာ ဌာန အသီးသီးများ၏ ကူညီ ထောက်ခံမှုများ ပြုလုပ်ရရှိ နိုင်ပါက တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက် အထိ ထိုးဖောက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရှင်မတောင် သနပ်ခါး ၊ ရွှေဘိုသန်ပခါး ၊ အရာတော် သနပ်ခါး ဟု လူသိများကြ သော်လည်း သနပ်ခါး ထုတ်ကုန်ကြမ်း များကို အသေးစိတ် ကုန်ချောအဖြစ် မည်သို့မည်ပုံ ပြုလုပ်ဖန်တီး နိုင်သည်ကို ပြည်တွင်းပြည်ပ လေ့လာသူများ ပင်မက သနပ်ခါးစိုက် တောင်သူ များပင် သိရှိနိုင်သူ နည်းပါးသည်။

ထိုသို့ အသေးစိတ် သိရှိသူ နည်းပါးခြင်းကြောင့် သနပ်ခါးကို အပင်ပြတ် ရောင်းခြင်း၊ အဖျားဖြတ် ရောင်းခြင်း၊ အရင်းဖြတ် ရောင်းခြင်းများဖြင့် သနပ်ခါး ချစ်မြတ်နိုး သူများနှင့် တစ်ဆင့်ရောင်းချ သူများ၏ လက်တွင် တန်ဖိုးနည်း ထုတ်ကုန်အဖြစ် ပြည်တွင်းဈေးကွက် အတွင်းသာ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

အဆိုပါ အဆင့်နိမ့် သနပ်ခါးထုတ်ကုန် မြင့်တက် စေရန်အတွက် ပြည်တွင်းထုတ် အမွှေးတိုင်၊ သနပ်ခါးခဲ စသော အမွှေးနံ့သာ အသုံးဆောင် များတွင် ဖြည့်စွက် ရောစပ်ပြီးအသုံးပြု ကြသော ပြည်ပထုတ် ဓာတုအဆီအနှစ် များအစား မြန်မာ့သနပ်ခါးကို ဓာတ်ခွဲခန်း များ၌ စစ်ဆေးပြီးတန်ဖိုးမြင့် ထုတ်ကုန် အဖြစ် သနပ်ခါး အရည်အသွေးမြင့် အဆီအနှစ် တီထွင် ထုတ်လုပ်ပါက ပြည်ပထိ ဈေးကွက် တင်နိုင်ရန် အလားအလာ ရှိကြောင်း သိရသည်။

မြန်မာ့သနပ်ခါးကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်ရွယ်ရာတွင် သက်ဆိုင်ရာ ဌာနအသီးသီး ကလည်း နည်းမျိုးစုံဖြင့် ကြံဆကာ ကူညီ ထောက်ပံ့မှုပေးခြင်း ၊ သနပ်ခါးနှင့် ပတ်သက်သော အလုပ်အကိုင် အခွင့်အလမ်းများ ညွှန်ကြားပေးခြင်း များ ရှိလာပါက မြန်မာ့သနပ်ခါး သည် ပြည်ပဈေးကွက် ဝင်သည့် တန်ဖိုးမြင့် ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ရေစကြိုမြို့နယ် သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ ထံက သိရသည်။

သနပ်ခါး အရည်အသွေးမြင့် ထုတ်လုပ်ရာတွင် သနပ်ခါးနှင့် ပတ်သက်သည့် ပြည့်တွင်းပြည်ပ သုတေသန ပြုလုပ်သူများ မရှိခြင်း ၊ သနပ်ခါး အဆီအနှစ် ထုတ်လုပ်နိုင်ရန် စက်မှုနည်း ပညာများဖြင့် ဖန်တီးသူများ မရှိခြင်းတို့ ကြောင့် သနပ်ခါးကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့ရန် ခက်ခဲနေကြောင်း၊ သနပ်ခါးကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြည်ပဈေးကွက်သို့ တင်သွင်းရန် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့မှုများ လိုအပ်လျက် ရှိကြောင်း ရေစကြိုမြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဇေအောင်

မြ၀တီနေ့စဉ် ၊ စာ(၂၅)



(Credit; ရေစကြို online သတင်းမီဒီယာ)


Thursday, July 9, 2015

နိုင်​ငံ​ကျော်​ ​ရေစကြိုထန်းသီးမုန့်

ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။ မန္တလေးသူ၊ မန္တလေးသားတွေကလည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ယင်းနယ်ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ် ထိုဒေသထွက် အစားအစာလေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေးကတော့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှ ထွက်ရှိသည့် ရေစကြိုထန်းသီးမုန့်ပင်ဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင် ကြိုက်သည်မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင် စားဖူးသူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ ရေစကြိုထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူအချို့က ဆိုပြန်သည်။စားဖူးသူတိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြိုထန်းသီးမုန့် ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟုရေစကြိုထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါးဆယ်ထက် မနည်းတော့ဟု ဆိုကြသည်။ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလို စက်တွေတဝုန်းဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုးမဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်ရောင်းသူလည်းရှိသည်။ သူများလုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်းသူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြိုထန်းသီးမုန့်လုပ်ရန် ပထမဦးဆုံးအဆင့်အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန်လတ် ဆန်အမျိုးအစားနှင့် ဆန်ကြမ်းကို ငါးပြည်ခန့်စီရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ ဆန်တွေပွလာပြီဆိုလျှင်ကြိတ်စက်ဖြင့် ကြိတ်ရပါသည်။ ရလာသည့် မုန့်ဆန်အရည်မပျစ်မကျဲကို ထန်းလျက်အချိန်တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင် စပ်ရသည်။ ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်များအား လက်ဖြင့်ဖိကာ အရည်ထုတ်ရပါသည်။ အားလုံးပြီးပြီဆို ရောင်းမအကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့် အသားကျအောင် မွှေလိုက်ပြီဆိုရင်ဖြင့် အမြှုပ်များ ထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါက အုန်းမှုတ်ခွက်များကို မုန့်ရည်အတွင်း နှစ်ပေးထားရသည်။ မုန့်သားကောင်းအောင်အတွက်ဟု ဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ်ထားသည့် မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထားရပါသည်။ညဥ့်သန်းခေါင်ယံအချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီးမုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ်နေ၍မရပါ။ ညနေမှာ ဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော်ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲ ရေဖြည့်သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်းဖြင့် တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။ ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီကျော် စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်တွေ လောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်းလျှင် နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်ရပြီး အုပ်ဆောင်းအောက်ခြေ ပတ်ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကို ရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့တထောင်းထောင်းဖြင့် ထန်းသီးမုန့်လေးများ ရရှိလာပါပြီ။ တစ်ခါလုပ်လျှင် တစ်ဗန်းသာရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့် ဈေးသည်များသည်မို့ အားလုံးအတွက် လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာထန်းသီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များအောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီစစ်စစ်ပုတ်ကာ ညကကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ပြီး ကျွေးတတ်သည်။ ဈေးဝယ်သူကကြိုက်ပြီဆိုမှ အလိုရှိသလောက် နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။ ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယိုချောင်းလေးတွေ အုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီးနောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက် ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက်နုနုပေါ်တင်၊ သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့် ထည့်ပေးတတ်ပါသည်။အချို့ဈေးဝယ်သူတွေက ကလေးတွေ တစ်အုပ်လိုက်ကြီးလည်း လိုက်​ပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။အမြည်းတွေ ကိုယ်စီကျွေးပြီး ဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ ဈေးတွက်မတွက်တော့ပါ။ ‘‘မလှူနိုင် ဈေးရောင်းဆိုတဲ့အတိုင်း လှူတယ်ပဲ သဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်သူနဲ့ ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာလိုက်များများဝယ်တော့ အမြည်းနည်းနည်းသာ ကျွေးရသည့်အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာ ပေးတတ်ပါသေးသည်။ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။ ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက်လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြိုထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာ ဝှေ့ယမ်းလို့။ ပခန်းကိုကြီးကျော်ပွဲရောက် ရှမ်းပြည်နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့် ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်းလို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်က သူတို့ ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့် ပြောပြသည်။ ‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကို ထပ်လုပ်ပေးချင်တာ’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်းဝင်းခိုင်ကဆိုပါသည်။အချို့ကျတော့ ကိုယ်တိုင် ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေ လှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုးကွယ်သည့် ဆရာတော်ဘုရား၏မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေလည်းရှိသည်။ စားဖို့သက်သက် မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိ မှာကြသည်။ အဲဒီလိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့ အပေါ်ကဖြူးတဲ့အစာတွေကိုသတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ် နို့စိမ်းပါထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါဆိုရင်တော့ ပုံမှန်တစ်ပိဿာ နှစ်ထောင့်လေးရာပေမယ့်တစ်ပိဿာ သုံးထောင်လောက် ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ရေစကြိုမြို့ဝန်းကျင် ရွာအချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာမျိုးလည်းရှိသည်ဟု ထန်းသီးမုန့်လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုတွင်လည်း ရေစကြိုထန်းသီးမုန့်က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်းအသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေ ဆောက်နေသည်ဆိုပါက ဆောက်လုပ်ပေးမည့်လက်သမားအဖွဲ့ကို ရေစကြိုထန်းသီးမုန့် သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်တွေ တနင့်တပိုးကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါမျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟုထန်းသီးမုန့်သည် အမျိုးသမီးတစ်ဦးကဆိုပါသည်။မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာလူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုး မိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါ လွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။ ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစားအစာကို ဂုဏ်ယူစွာနဲ့ ကျွေးတတ်ကြသည်။ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေစကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန်ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေစကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေးလိုက်ရသေးတယ်’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝါဝါခိုင်ကပြောပြသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊တိုင်းတစ်ပါးအစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏ မည်သည့်အရပ်တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမော စားချင်နေသူတွေကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။

(Credit to 7Day News Journal)

Sunday, June 14, 2015

ထန်းလျက်​ရနံ့တို့ သင်းပျံ့​စေသူများ

မနေ့ကရွာထားသည့်မိုးကြောင့် မြင်ကွင်းတစ်ခုလုံးသည် စိမ်းမြလို့နေပါတယ်။ ကန်သင်းရိုးပေါင်ပေါ်ကနေ ကောင်းကင်ဆီကို ထိုးထွက်နေသည့် ထန်းပင်တို့၏ ထန်းရွက်တို့သည် ရွာသွန်းထားသည့်မိုးကြောင့် ဖုန်မှုန့်တို့ ကင်းစင်ကာ စိမ်းစိမ်းစိုစို ရှိနေတဲ့ မြင်ကွင်းဟာ ရှုမငြီးနိုင်တဲ့ ပန်းချီကားလိုပါပဲ။ တိုက်ခတ်လာသော လေထဲတွင် ထန်းချက်ဖိုဆီက လွင့်ပျံ့လာတဲ့ ထန်းလျက်ရနံ့နဲ့အတူ မိုးနံ့သည်လည်း လေထုထဲမှာ သင်းပျံ့လို့နေပါတယ်။ ထန်းသမားမယားက ထန်းလျက်ဖိုထဲမှာ ထန်းလျက်ကျိုနေသလို ထန်းတက်သမားကလည်း ခါးတွင် ထန်းလှီးဓားချိတ်ထားပြီး ရင်းထောင်ကိုကိုင်ကာ တစ်ပင်ပြီးတစ်ပင် မြူအိုးတွေကို တင်လို့ချလို့ နေပြန်ပါတယ်။ ခုလိုရာသီမျိုး အညာအရပ်က ထန်းတောတွေဆီ ထန်းလျက်တို့ လှိုင်လှိုင်ထွက်နေသေးတဲ့ ထန်းဖိုရာသီ ဖြစ်ပါတယ်။ ထန်းရည်အထွက် ကောင်းနေသေးတာမို့ ထန်းတက်သမားတွေလည်း တစ်ပင်ပြီးတစ်ပင် မနက်ညနေ အပြေးအလွှား တက်နေရပါတယ်။ ထန်းလျက်ကြိုတဲ့သူကလည်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရသမျှ ထန်းရည်ကို ကျိုချက်ရပါတယ်။ နေ့ခင်းဘက် နားတယ်ဆိုတဲ့ အချိန်မှာလည်း သစ်ခေါက်လှီးတာ မြူအိုးမီးမြှိုက်တာတွေ လုပ်ရတော့ တစ်နေ့လုံးပါမှ ညဥ့်ဦးပိုင်းလောက်ပဲ ကောင်းမွန်စွာ နားရပါတော့တယ်။ 
 
စိမ်းမြနေတဲ့ ထန်းပင်တွေကြားထဲမှာ ထန်းတက်သမားက မနက်မလင်းခင်မှာဘဲ ထန်းလှီးဓား ခါးမှာချိတ်ပြီး ရင်းထောင်ကိုကိုင်ကာ ထန်းပင်တွေဆီ ထွက်လာပါတယ်။ ထန်းပင်ခြေရောက်တာနဲ့ ရင်းထောင်ကို ထန်းပင်မှာ ကြိုးနဲ့ချီပြီး အပင်အောက် အသင့်ရှိနေတဲ့ မြူအိုးတွေကိုယူကာ တက်သွားပါတယ်။ ရင်းထောင်အဆုံးနဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ ရင်းဆွဲနဲ့က အချိတ်အဆက်အမိမို့ ထန်းပင်ထိပ်ဖျားထိအောင် ဆက်တက်သွားပါတယ်။ ထန်းပင်ပေါ်ရောက်တာနဲ့ ထန်းလက်တွေကြားက လိုင်ထိုးပြီး အရင်တစ်နေ့က ချိတ်ထားတဲ့ ထန်းရည်အိုးတွေကိုဖြုတ်ပြီး နောက်အိုးသစ် လဲတပ်ပါတယ်။ ကလိုင်ဆိုတာက ထန်းပင်ပေါ်ရောက်ရင် ထန်းသမားထိုင်ဖို့ လုပ်ထားတဲ့ သစ်သားပြားကို ဆိုလိုတာပါ။ အိုးသစ်လဲပြီးတာနဲ့ ထန်းနို့ချောင်းထိပ်တွေကို လှီးဖြတ်ပြီး မြူအိုးဆီ စိုက်ထားခဲ့ပါတယ်။  အပင်ပေါ်က ပြန်ဆင်းလာပြီးနောက် ပါလာတဲ့ ထန်းရည်အိုးကိုချကာ နောက်တစ်ပင် ဆက်တက်ပါတယ်။ ထန်းသမားချထားပေးခဲ့တဲ့ ထန်းရည်အိုးတွေကို နောက်ကနေ မိသားစုတွေက လိုက်သိမ်းပြီး ထန်းလျက်ဖိုဆီ ယူဆောင်သွားကြပါတယ်။ ထန်းတက်သူကတက် နောက်က ထန်းရည်အိုးလိုက်သိမ်းသူ သိမ်းဆိုတော့ ထန်းတက်ရတာ ပိုပြီး မြန်ဆန်ပါတယ်။ ထန်းချက်ဖိုကို ရောက်တဲ့အချိန် ထန်းလျက်ချက်သူကချက်၊ အိုးဆေးသူက ဆေးကြရပါတယ်။ ထန်းဖိုရာသီက ထန်းသမားအတွက် တစ်နှစ်စာ စားနိုင်လောက်အောင် ထန်းရည်ရတဲ့ရာသီမို့ နေ့ညအလုပ်လုပ်ရပြီး အပင်ပန်းဆုံးပါ။ ထန်းမရာသီရောက်ရင်တော့ ထန်းရည်လည်း အထွက်နည်းသွားတာမို့ တက်ရတဲ့ အပင်အရေအတွက်လည်း နည်းသွားပြီး ထန်းလျက်ကိုလည်း မနက်တစ်ကြိမ်လောက်ပဲ ကျိုတော့တာမို့လည်း လူလည်း အတော်အသင့် သက်သာပါတယ်။ 

ထန်းတက်သမားတွေ အနေနဲ့ ထန်းဖိုရာသီမှာ ထန်းလှိုင်လှိုင်ရအောင် ထန်းပြင်ခြင်းအလုပ်ကို ထန်းရည်မရမီ နှစ်လလောက် အလိုကတည်းက လုပ်ကြရပါတယ်။ ထန်းပြင်တယ်ဆိုတာက ထန်းနို့ချောင်းထွက်မယ့် နေရာမှာ ပိတ်ဆို့နေတဲ့ ထန်းလက်ကိုင်းတွေကို ခုတ်ရတယ်။ ရင်းဆွဲလို့ခေါ်တဲ့ ထန်းပင်ပေါ်က တွဲလောင်းချထားတဲ့ လှေကားတွေ ဆင်ရတဲ့အလုပ်ကို ထန်းပြင်တာလို့ ဆိုလိုတာပါ။ အများအားဖြင့် ပြာသိုလဆိုရင် ထန်းစပြင်ပါပြီ။ အဲဒီအချိန်မှာ ထန်းရည်မရသေးပါဘူး။ အဲဒီနောက် ဆောင်းကုန်စ တပို့တွဲလောက်မှ ထန်းရည်စရပါတယ်။ ထန်းနို့ချောင်းအထွက်စောရင် စောသလို ထန်းရာသီစတာလည်း စောပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်ထွက်သေးသရွေ့ ထန်းဖိုရာသီ မကုန်သေးဘူးလို့ ဆိုနိုင်ပါသေးတယ်။ ထန်းမချိန်ဆိုတာက ထန်းသီးကနေ ထန်းရည်ခံတဲ့ ရာသီလို့ ပြောနိုင်ပါတယ်။ ထန်းသီးလုံးလေးတွေ စထွက်ကတည်းက အသီးမကြီးအောင် ထန်းသမားက တူလိုအရာမျိုးနဲ့ ထန်းသီးတွေကို ထုထားရပါတယ်။ ထန်းနို့ချောင်းတွေက ထန်းရည်မရတော့တဲ့ အချိန်မှာ အဲဒီထန်းသီးလုံးလေးတွေကနေ ထန်းရည်ခံယူရပါတယ်။ ထန်းဖိုရာသီရောက်ရင်တော့ ထန်းရည်အရနည်းတာကြောင့် ထန်းလျက်အထွက်နှုန်းလည်း နည်းသွားပါတယ်။ ထန်းသမား တက်လို့ရတဲ့ ထန်းရည်အိုးတွေကို ထန်းလျက်ဖိုမှာ စုပြီးတာနဲ့ ထန်းလျက်ကျိုသူလည်း မီးမွှေးပြီး ထန်းလျက်ဖိုပေါ် ဒယ်အိုးတွေတင်ကာ ထန်းစကျိုပါတော့တယ်။ ထန်းရည်တော်သင့်ရုံ စေးပျစ်တာနဲ့ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အပူမလျော့သေးခင် မညီမညာ အလုံးလေးတွေကို လုံးနေပါတယ်။ အေးသွားရင် ထန်းရည်က မာခဲသွားတာမို့ အပူမလျော့ခင် ထန်းလျက်လုံးရတာဖြစ်ပြီး လုပ်ကိုင်နေကျသူမို့သာ ထန်းလျက်အပူကို လက်နဲ့ကိုင်ပြီး လုံးနိုင်တာပါ။
 
ထန်းလျက်ကျိုရတာနဲ့ ပတ်သက်ပြီး “ထန်းလျက်ဖိုပေါ်မှာ ဒယ်အိုးလေးလုံးတင်ပြီး မီးနဲ့ဝေးတဲ့ အိုးကနေ မီးပြင်းတဲ့ အိုးဆီထိအောင် တစ်ဆင့်ပြီးတစ်ဆင့် လှယ်ရတယ်။ နောက်ဆုံးအိုးက ထန်းရည်ကို ညောင်စေးတန်းအောင် ကျိုပြီးတာနဲ့ အဲဒီဒယ်အိုးကို မီးဖိုပေါ်ကချရပြီး နောက်ဒယ်အိုးတွေကို လိုက်ရွှေ့ပြီး ကျိုရတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်လုပ်ရတော့ ပင်ပန်းပေမယ့် ဒီနှစ် ထန်းလျက်ဈေးလေး မဆိုးတော့ လုပ်ပျော်တယ်လို့ ပြောရမှာပဲ” ဟု ထန်းလုပ်ငန်းလုပ်ကိုင်သူ မသန်းဆင့်က ပြောပြသည်။
 
အရင်နှစ်များ ထန်းဖိုချိန်မှာ ထန်းလျက်ဈေးက တစ်ပိဿာ ကျပ် ၄၀၀ ကနေ အလွန်ဆုံး ကျပ် ၆၀၀ ပါ။ ဒီနှစ် ထန်းလျက်ပေါက်ဈေးက ပေါ်စ တစ်ပိဿာ ကျပ် ၉၀၀ ကျော် လောက်ရှိပေမယ့် အခု မေလထဲမှာတော့ တစ်ပိဿာ ကျပ် ၈၀၀ နား ကပ်နေပါသေးတယ်။ လက်ရှိထန်းလျက်ဈေးနဲ့ ထန်းလျက်အထွက်နှုန်းက ထန်းသမားရင်းနှီးရတဲ့ ၀ါးလုံးဖိုး၊ ထင်းဖိုး၊ ကြိုး၊ မြူအိုး၊ ထန်းလျက်ချက်တဲ့ ဒယ်အိုးဖိုး၊ သစ်ခေါင်နဲ့ ထင်းဖိုးတွေ ပေါင်းလိုက်ရင် စားဖြစ်သောက်ဖြစ်ပါ။ ပိုလျှံတယ်လို့ မရှိပေမယ့် အရင်ထက်တော့ ၀မ်းရေးပြေလည်လာတယ်လို့ ပြောနိုင်ပါတယ်။ ထန်းတက်သမားတိုင်းကို ထန်းတောပိုင်ရှင်လို့ သတ်မှတ်လို့ မရပါဘူး။ ထန်းတက်သူ အများစုက အငှားတက်သူ များပါတယ်။ ထန်းရာသီမှာ ထန်းတက်လုပ်ငန်း လုပ်ကိုင်ပြီး ထန်းရာသီပြီးချိန်မှာ ယာခင်းတွေဆီမှာ စာရင်းငှားဝင်လုပ်ရင်း အသက်မွေးကြရပါတယ်။ ထန်းပိုင်ရှင်ဆီကနေ ထန်းတက်ခွင့်ရဖို့ တစ်နှစ်ငွေဘယ်လောက်ဆိုပြီး ငှားတက်ကြတာ မဟုတ်ဘဲ ထန်းတက်ရက် ဘယ်နှရက်မှာ ထန်းတောပိုင်ရှင်အတွက် ဘယ်နှရက်ဆိုပြီး ပေးရပါတယ်။ ဟိုအရင်တော့ ထန်းသမား သုံးရက်ဆိုရင် ထန်းပိုင်ရှင်အတွက် တစ်ရက်တက်ပေးရပါတယ်။ နောက်ပိုင်း ထန်းလျက်ဈေးမကောင်းတာ ကုန်ကြမ်းပစ္စည်း ဈေးမြင့်တာ နိုင်ငံရပ်ခြား ထွက်ခွာသူတွေ များလာတာကြောင့် ထန်းတက်သူ နည်းသွားတဲ့အတွက် ထန်းတက်ခကို ငါးရက်တစ်ရက်ပဲ သတ်မှတ်ပါတော့တယ်။ 
 
ထန်းလုပ်ငန်း သိပ်မကောင်းပေမယ့် ထန်းပင်ကထွက်တဲ့ အရာမှန်သမျှ လွှင့်ပစ်လိုက်ရတယ်ဆိုတာ မရှိတော့ ထန်းလုပ်ငန်းက ဆက်ရှိနေဦးမှာပါ။ ထန်းပင်ဆိုတာ အညာမှာ ပဒေသာပင်ပါ။ ထန်းနို့ကထွက်တဲ့ ထန်းရည်ကိုကျိုပြီး ထန်းလျက်လုပ်တယ်။ ထန်းပြင်ရင်း ခုတ်ထွင်လိုက်တဲ့ ထန်းလက်ကိုင်းကို ကုလားထိုင်တို့ စားပွဲတို့ ထမ်းပိုးတို့ လုပ်တယ်။ ထန်းလျှော်ကို အိမ်ဆောက်တဲဆောက်တဲ့အခါ ကြိုးအနေနဲ့ သုံးတယ်။ ထန်းရွက်ကို အိမ်မိုးဖို့အတွက် သုံးတယ်။ ထန်းသီးဆန်နုသေးရင် တချို့မြို့တက်ရောင်းကြပါတယ်။ ရင့်သွားရင်တော့ နွားစာအဖြစ် ထန်းသီးဆန်ကို ပါးပါးလေးလှီးပြီး နွားကျွေးလို့ ရပါသေးတယ်။ ထန်းပင်တွေက လယ်ယာခင်းတွေကို သူ့အကွက် ကိုယ့်အကွက် နယ်နိမိတ်သတ်မှတ်ဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ ယာခင်း အတော်များများရဲ့ တစ်ကွက်နဲ့တစ်ကွက် မြေနေရာအစပ်တွေမှာ ထန်းပင်တွေကိုစီပြီး စိုက်ထားရင်း နယ်နိမိတ်အတိုင်း သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်လည်း အညာအရပ်က ယာခင်းတွေမှာ ထန်းပင်တွေဟာ အတန်းလိုက် အကွက်လိုက် ပေါ်နေတာပါ။ ထန်းပင်က ထန်းရည်အထွက်နည်းသွားလို့ပဲ ဖြစ်ဖြစ်ရင့်ခြောက်ပြီး သေသွားရင်ပဲဖြစ်ဖြစ် မိုးကုန်တဲ့အခါ ခုတ်လှဲပြီး
အိမ်ဆောက်တဲ့အခါ ထုပ်တန်းအဖြစ် သုံးကြပါတယ်။ ထန်းသားက မိုးရေမထိရင် ဆယ်စုနှစ်ချီကို ခိုင်ခံ့တဲ့အသားမို့ သစ်ကြီးသစ်ကောင်းရှားသွားတဲ့ ခုခေတ်ကျေးလက်မှာ အိမ်ဆောက်ဖို့အတွက် ထန်းသားဟာ အရေးပါဆဲပါ။
 
ထန်းလုပ်ငန်း အတော်အသင့် ပြန်ကောင်းတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အကျိုးအမြတ်နည်းလို့ တက်သူမရှိသေးတာကြောင့် အရွက်ခြောက်တွေ အပြိုင်းပြိုင်း အရိုင်းရိုင်း ဖြစ်နေတဲ့ ထန်းပင်တောတွေလည်း အများအပြား ရှိနေသေးပါတယ်။ ထန်းတက်တဲ့အလုပ်ဟာ ထန်းသမားအဖို့ အသက်အန္တရာယ် နီးစပ်တဲ့အလုပ်ပါ။ ထန်းတက်ရင်းရင်း ဆွဲမခိုင်လို့ ပြုတ်ကျတာ။ အပင်ပေါ်ရောက်မှ အကြောင်းအမျိုးမျိုးကြောင့် လိမ့်ကျတာတွေ ကြုံရကြားရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ထန်းသမားဟာ ခြေကျိုးလက်ကျိုးကနေ အသက်ဆုံးရှုံးသွားတဲ့ အထိပါ။ အညာအရပ်မှာတော့ ထန်းလျှောတယ်လို့ ခေါ်ပါတယ်။ ထန်းချက်သူကချက်၊ မြူအိုး မီးမြှိုက်သူက မြှိုက်နေတဲ့ ထန်းချက်ဖိုဆီကအပြန် ကျွန်တော့်အတွေးမှာ ထန်းပင်ပေါ်က ထန်းရည်ကို ကျိုချက်ပြီးရလာတဲ့ ထန်းလျက်က ချိုမြပေမယ့် ထန်းလျက်ခဲဖြစ်ဖို့ ထန်းသမားမိသားစု အားထုတ်ရတဲ့ဘ၀ဟာ ပင်ပန်းဆင်းရဲတာထက် အများကြီးပိုနေတယ်ဆိုတဲ့အကြောင်း သိလိုက်ရင်း ထန်းလျက်ဈေးကောင်းကာ ထန်းတောင်သူတို့ဘ၀ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်မိပါတယ်။
Writer: 
■ သက်ထိန်ဝင်း (ပခုက္ကူ )

(Credit to Eleven Media Group)