Thursday, November 7, 2013
*****တန်ဆောင်မုန်းလပွဲတော်***** ***တန်ဆောင်မုန်းလသည် လတကာတို့တွင် နှလုံးမွေ့လျော်ဖွယ်အကောင်းဆုံးလ ဖြစ်သည်။ ကောင်းကင်တွင် မိုးသားတိမ်တိုက်ကင်းစင်ပြီး မြစ်၊ချောင်း၊အင်း၊အိုင် တို့တွင် ကြာမျိုးငါးပါး ပွင့်ကြသည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အဖို့ ကုသိုလ်ဒါနပြုကြသည့် ထူးမြတ်သောလဖြစ်သည်။မြန်မာ့ရိုးရာဘာသာရေးနှင့် သက်ဆိုင်သော ကထိန်သင်္ကန်း ကပ်လှူခြင်းနှင့် မသိုးသင်္ကန်းရက်လုပ်ခြင်းစသည့် ပွဲတော်များကို ကျင်းပကြသည်။ကထိန် ဟူသောစကားမှာ ``ကထိန´´ဟူသော ပါဠိစကားမှ ရွေ့လျားလာခြင်းဖြစ်သည်။လှူဒါန်းခြင်းသည် ကောင်းမြတ်ပါပေသည်ဟု အဓိပ္ပာယ်ရသည်။ရှေ့ခေတ်က ကထိန်ပွဲတော်ကို ဘုရင်ကဦးစီးကျင်းပခဲ့ကြသည်။ ယခုခေတ်တွင် ငွေကြေးတတ်နိုင်သူများက တစ်ဦးချင်းသော်လည်းကောင်း၊ အများပြည်သူပူးပေါင်း၍သော် လည်းကောင်း၊ကထိန်ခင်းကြသည်။ကထိန်သင်္ကန်းကပ်လှူခြင်းကို သီတင်းကျွတ်လပြည့်ကျော် ၁ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသာ ပြုလုပ်လေ့ရှိပြီး မြတ်စွာဘုရားရှင် လက်ထက်ကတည်းက စတင်ခဲ့ပါသည်။ ကောသလအနောက်တိုင်းသားဘဒ္ဒဝဂ္ဂိရဟန်းသုံးကျပ်တို့သည် ဘုရားရှင်ကို ဖူးမြော်ရန်အတွက် ဗာဝါမြို့မှ သာဝတ္တိပြည်သို့ လာကြစဉ် သာကေတမြို့အရောက်တွင် ဝါဝင်လေသည်။ထို့နောက် ဝါကျွတ်ချိန်တွင် မြတ်စွာဘုရားထံသို့ ဆက်လက်သွားကြပြန်ရာ လမ်းတွင် ရွာသွန်းသောမိုးကြောင့် ရွံ့အလိမ်းလိမ်းကပ်ပြီး ပေကျံကုန်၏။ ဘုရားရှင်ထံသို့ ရောက်သောအခါ ဝါကျွတ်ပြီးသော်လည်း သင်္ကန်းကပ်လှူခြင်းကို ခွင့်ပြုပေးတော်မူခဲ့သည်။ထိုအခါမှစ၍ ကထိန်သင်္ကန်းကပ်လှူခြင်း ပေါ်ပေါက်လာခဲ့သည်။ ကထိန်သင်္ကန်းကို တစ်နှစ်တွင် တစ်လသာလှူဒါန်းခွင့်ရှိသည်။ တစ်ကျောင်းတွင် တစ်ကြိမ်သာ ခင်းခွင့်ရှိသည်။ သံဃာ့ ဂုဏ်ရည်ကို ရည်စူးလှူဒါန်းရသော အလှူဖြစ်သဖြင့် မွန်မြတ်လှသည်။ ကထိန်အကျိုး ၅ပါးမှာ- သွားလေရာ အန္တရယ် မရှိခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ဥစ္စာပစ္စည်း မပျက်စီးခြင်း၊ စားကောင်းသောက်ဖွယ်စားသုံးရခြင်း၊ မေ့လျော့နေသော ပစ္စည်းများ ဆုံးရှုံးမှု မရှိခြင်း၊ဥစ္စာပစ္စည်း ရှာဖွေရာတွင် လွယ်ကူခြင်း တို့ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment