ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။ မန္တလေးသူ၊ မန္တလေးသားတွေကလည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ယင်းနယ်ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ် ထိုဒေသထွက် အစားအစာလေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေးကတော့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှ ထွက်ရှိသည့် ရေစကြိုထန်းသီးမုန့်ပင်ဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင် ကြိုက်သည်မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင် စားဖူးသူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ ရေစကြိုထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူအချို့က ဆိုပြန်သည်။စားဖူးသူတိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြိုထန်းသီးမုန့် ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟုရေစကြိုထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါးဆယ်ထက် မနည်းတော့ဟု ဆိုကြသည်။ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလို စက်တွေတဝုန်းဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုးမဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။ရေစကြိုထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်ရောင်းသူလည်းရှိသည်။ သူများလုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်းသူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြိုထန်းသီးမုန့်လုပ်ရန် ပထမဦးဆုံးအဆင့်အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန်လတ် ဆန်အမျိုးအစားနှင့် ဆန်ကြမ်းကို ငါးပြည်ခန့်စီရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ ဆန်တွေပွလာပြီဆိုလျှင်ကြိတ်စက်ဖြင့် ကြိတ်ရပါသည်။ ရလာသည့် မုန့်ဆန်အရည်မပျစ်မကျဲကို ထန်းလျက်အချိန်တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင် စပ်ရသည်။ ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်များအား လက်ဖြင့်ဖိကာ အရည်ထုတ်ရပါသည်။ အားလုံးပြီးပြီဆို ရောင်းမအကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့် အသားကျအောင် မွှေလိုက်ပြီဆိုရင်ဖြင့် အမြှုပ်များ ထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါက အုန်းမှုတ်ခွက်များကို မုန့်ရည်အတွင်း နှစ်ပေးထားရသည်။ မုန့်သားကောင်းအောင်အတွက်ဟု ဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ်ထားသည့် မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထားရပါသည်။ညဥ့်သန်းခေါင်ယံအချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီးမုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ်နေ၍မရပါ။ ညနေမှာ ဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော်ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲ ရေဖြည့်သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်းဖြင့် တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။ ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီကျော် စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်တွေ လောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်းလျှင် နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်ရပြီး အုပ်ဆောင်းအောက်ခြေ ပတ်ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကို ရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့တထောင်းထောင်းဖြင့် ထန်းသီးမုန့်လေးများ ရရှိလာပါပြီ။ တစ်ခါလုပ်လျှင် တစ်ဗန်းသာရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့် ဈေးသည်များသည်မို့ အားလုံးအတွက် လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာထန်းသီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များအောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီစစ်စစ်ပုတ်ကာ ညကကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ပြီး ကျွေးတတ်သည်။ ဈေးဝယ်သူကကြိုက်ပြီဆိုမှ အလိုရှိသလောက် နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။ ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယိုချောင်းလေးတွေ အုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီးနောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက် ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက်နုနုပေါ်တင်၊ သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့် ထည့်ပေးတတ်ပါသည်။အချို့ဈေးဝယ်သူတွေက ကလေးတွေ တစ်အုပ်လိုက်ကြီးလည်း လိုက်ပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။အမြည်းတွေ ကိုယ်စီကျွေးပြီး ဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ ဈေးတွက်မတွက်တော့ပါ။ ‘‘မလှူနိုင် ဈေးရောင်းဆိုတဲ့အတိုင်း လှူတယ်ပဲ သဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်သူနဲ့ ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာလိုက်များများဝယ်တော့ အမြည်းနည်းနည်းသာ ကျွေးရသည့်အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာ ပေးတတ်ပါသေးသည်။ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။ ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက်လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြိုထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာ ဝှေ့ယမ်းလို့။ ပခန်းကိုကြီးကျော်ပွဲရောက် ရှမ်းပြည်နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့် ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်းလို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်က သူတို့ ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့် ပြောပြသည်။ ‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကို ထပ်လုပ်ပေးချင်တာ’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်းဝင်းခိုင်ကဆိုပါသည်။အချို့ကျတော့ ကိုယ်တိုင် ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေ လှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုးကွယ်သည့် ဆရာတော်ဘုရား၏မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေလည်းရှိသည်။ စားဖို့သက်သက် မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိ မှာကြသည်။ အဲဒီလိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့ အပေါ်ကဖြူးတဲ့အစာတွေကိုသတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ် နို့စိမ်းပါထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါဆိုရင်တော့ ပုံမှန်တစ်ပိဿာ နှစ်ထောင့်လေးရာပေမယ့်တစ်ပိဿာ သုံးထောင်လောက် ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ရေစကြိုမြို့ဝန်းကျင် ရွာအချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာမျိုးလည်းရှိသည်ဟု ထန်းသီးမုန့်လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုတွင်လည်း ရေစကြိုထန်းသီးမုန့်က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်းအသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေ ဆောက်နေသည်ဆိုပါက ဆောက်လုပ်ပေးမည့်လက်သမားအဖွဲ့ကို ရေစကြိုထန်းသီးမုန့် သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်တွေ တနင့်တပိုးကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါမျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟုထန်းသီးမုန့်သည် အမျိုးသမီးတစ်ဦးကဆိုပါသည်။မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာလူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုး မိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါ လွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။ ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစားအစာကို ဂုဏ်ယူစွာနဲ့ ကျွေးတတ်ကြသည်။ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေစကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန်ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေစကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေးလိုက်ရသေးတယ်’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝါဝါခိုင်ကပြောပြသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊တိုင်းတစ်ပါးအစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏ မည်သည့်အရပ်တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမော စားချင်နေသူတွေကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။
(Credit to 7Day News Journal)
Tuesday, February 24, 2015
ရေစကြိုထန်းသီးမုန့်ရဲ့ လျှို့ဝှက်ချက်
Monday, February 16, 2015
YESAGYO !
*Palm-trees are never gray...
*Chin-Dwin goes out to the bay...
*Shin-Ma-Taung lies as a wale....
*Incense-sticks are aromatic around the way....
*``` `Nant-Thar-Myay´that they say....
*So...
`` `Wanna Wish As we Pray....
*Be Yesagyo Bloomed Till Doomsday´´.....
( Credit to TNNW )
Saturday, January 10, 2015
ထိန်းသိမ်းမှုလိုအပ်နေသော ရေစကြိုမြို့နယ်မှ ထန်းတောကြီးများ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ရေစကြိုမြို့နယ်သည် ဒေသ၏ရေမြေ၊ ရာသီဥတုအရ ထန်းပင်ပေါများစွာ ပေါက်ရောက်သည်။ ရေစကြိုမြို့အဝင် လမ်းမကြီးဘေး ဝဲယာတစ်လျှောက်တွင် ထန်းပင်များ အစီအရီပေါက် လျက်ရှိသည်မှာ ရေစကြိုမြို့က ခရီးဦးကြိုနေသည့်အလား ပင်ဖြစ်သည်။ ထို့ကြောင့် ရေစကြိုသားများကမိမိတို့မြို့ကို ထန်းရိပ်ညိုညိုရေစကြိုဟုပင် ဖွဲ့ဆိုခေါ်ဝေါ်ကြသည်။ထန်းပင်ပေါများသော ဒေသဖြစ်ရာ ထန်းရည်ထုတ်ခြင်း၊ ထန်းလျက်ချက်ခြင်းစသည့် ထန်းပင်အခြေပြုစီးပွားရေးလုပ်ငန်းများကို မိသားစုအသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် ရှေးကပင်လုပ်ကိုင်ခဲ့ကြသည်။ထန်းပင်များအကြောင်းထန်းပင်တွင် အဖိုနှင့် အမ (ထန်းဖို၊ ထန်းမ)နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးမှ ထန်းရည်ရနိုင်သည်။ ထန်းဖိုပင်တွင် ထန်းနို့ ချောင်းမှ ထန်းရည်ချိုကိုရပြီး ထန်းမပင်တွင် ထန်းသီးခိုင် မှ ထန်းရည်ချိုကိုရသည်။ ထန်းဖိုပင်မှ ထန်းရည်ကို တပေါင်းလဆန်းမှ ကဆုန်လအထိရနိုင်ပြီး နုရစ်ရည်နှင့် ညှပ်ရည်ဟု နှစ်မျိုးရှိသည်။ ထန်းမပင်မှ ထန်းရည်ကို နယုန်လမှ သတင်းကျွတ်လအထိ ရရှိနိုင်သည်။ထန်းတက်ခြင်းနှင့် ထန်းလျက်ချက်ခြင်းထန်းပင်မှ ထန်းရည်ကို မြေအိုးဖြင့် ချိတ်ဆွဲရယူသည်။ထန်းတက်သမားသည် နံနက် ၆ နာရီခန့်တွင် ထန်းပင် တက်ကာ မြေအိုးကိုချိတ်ဆွဲခဲ့ပြီး ညနေ ၃ နာရီခန့်တွင် နောက်တစ်ကြိမ်တက်၍ ထန်းရည်အိုးသစ်များ လဲလှယ် ချိတ်ဆွဲသည်။ ထို့နောက် နောက်တစ်ရက်နံနက် ၆ နာရီ တွင် ထန်းရည်အိုးများထပ်မံလဲလှယ်ရသည်။ မနက်ပိုင်း ချိတ်ပြီး နေ့လယ်တွင်ဖြုတ်သော ထန်းရည်ကို နံနက်ရည် ဟုခေါ်၍ ညနေချိတ်ပြီး နံနက်တွင်ဖြုတ်သောထန်းရည် ကို ညရည်ဟု ခေါ်သည်။ထန်းရည်ချို မြေအိုးတစ်အိုးစာကို ထန်းလျက်ချက်လျှင် ထန်းလျက် ၂၅ ကျပ်သားခန့်ရသည်။ ထန်းတစ်ပင်လျှင်တစ်ရက်ပျမ်းမျှအားဖြင့် ထန်းရည်ချိုမြေအိုး သုံးအိုးမှ လေးအိုးခန့် ပုံမှန်ရသဖြင့် တစ်ရက်တွင် ထန်းလျက် တစ်ပိဿာခန့်ရလေ့ရှိသည်။ ထန်းရည်ကို ဒယ်အိုးဖြင့် ထန်းလျက်ချက်ကြပြီး တစ်ဒယ်လျှင် ထန်းလျက်နှစ်ပိဿာ ခန့်ချက်နိုင်သည်။ ထန်းရည်တစ်ဒယ်ကို ထန်းလျက်ရရန် နာရီဝက်ခန့်ကျိုချက်ရသည်။ထန်းတက်သမားများဘဝထန်းတက်သမားသည် ထန်းရည်ခံယူရန် တစ်ရက်လျှင် နှစ်ကြိမ် နေ့စဉ်ထန်းပင်တက်ရကာ တစ်ကြိမ်လျှင် အပင် ၄ဝ ခန့်တက်ရသည်။ နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ ၂၅ ပိဿာခန့်လေးသော ယင်းထောင်ကိုထမ်းကာ တစ် ပင်ပြီးတစ်ပင် ပြောင်း၍ တက်ရသည်။ ခြေဗလာ လက် ဗလာဖြင့် ထန်းပင်ကိုတွယ်ဖက်တက်ရသောကြောင့် ထန်း တက်သက်ကြာသော ထန်းတက်သမား၏ လက်ဖဝါး ခြေဖဝါးများသည် အသားမာတက်ကာ လက္ခဏာအရေး အကြောင်းများပင်ပျောက်ကွယ်နေလေ့ရှိသည်။ထန်းသမားမိသားစုထန်းတက်သမားက ထန်းပင်တက်၍ရယူထားသောထန်းရည်များကို ဇနီးသည်က နေ့စဉ်နံနက်မှ နေဝင်အထိ နားချိန်မရှိ ထန်းလျက်ချက်ရသည်။ ထန်းတက်သမား၏သားသမီး ကလေးများအနေဖြင့်လည်းဖခင်က ထန်းပင် တက်ရာတွင် အဆင်သင့်ဖြစ်ရန်အပင်ခြေရင်းတွင်မြေအိုး လွတ်များ ချထားပေးခြင်း၊ ဖြုတ်ယူခဲ့သော ထန်းရည် အိုးများကို လိုက်လံသိမ်းဆည်းကာ ထန်းလျက်ချက်မည့် မိခင်ထံ ပို့ပေးခြင်း၊ ထန်းရည်ချိုအိုးများကို ဆေးကြော ပြီး အချဉ်မပေါက်စေရန် အိုးဖုတ်ခြင်းတို့ကိုနေ့စဉ်ပြုလုပ် ရသည်။ သားဖြစ်သူသည် ၁၅ နှစ်အရွယ်ခန့်တွင် ထန်းပင်စတက်ရ၍ သမီးဖြစ်သူသည် ၁၃ နှစ်အရွယ်ခန့် တွင် ထန်းလျက်စတင်ချက်ကာ မိဘ၏လုပ်ငန်းအမွေကို ဆက်လက်ခံယူလေ့ရှိကြသည်။ထိုသို့ တစ်မိသားစုလုံး အပင်ပန်းခံလုပ်ကိုင်ကြပြီး ရရှိ လာသော ထန်းလျက်များကိုထန်းလျက်ပွဲရုံများသို့ သွား ရောက်ရောင်းချခြင်းဖြင့် ထန်းပေါ်သောရာသီတွင် ထန်း သမားမိသားစု စားဝတ်နေရေး အဆင်ပြေကြသည်။ သို့သော် ထန်းရည်မရသည့် အချိန်များတွင်မူ ထန်းရွက် ထန်းလက်ဖြင့် ဦးထုပ်များ၊ ကုလားထိုင်များ ပြုလုပ် ရောင်းချပြီး ဝင်ငွေရှာကြရသည်။ သို့သော် စားဝတ်နေ ရေးအတွက် လုံလောက်မှုမရှိသဖြင့်ရေစကြိုမြို့ပေါ်ဈေးဆိုင်များမှထန်းပေါ်ပေးအနေဖြင့် ဆန်၊ ဆီ၊ ဆားနှင့် ငါးပိများကို အကြွေးယူ စားသောက်ကြရသည်။ထန်းပေါ် ချိန်ရောက်လျှင်ထန်းလျက်ရောင်းရငွေများဖြင့် ယူထား သောပစ္စည်းများအား အကြွေးပြန်ဆပ်ကာအကြွေး သံသရာလည်နေတော့သည်။ထန်းလုပ်သားများအလုပ်ပြောင်းယခုနှစ်များတွင်ထန်းလျက်ချက်ရန်ထင်းဈေးနှုန်းများ မြင့်တက်လာသဖြင့် ဒေသအခေါ် လေဖိုဟုခေါ်သော သစ်ရွက်အမှိုက်များ၊ စပါးခွံမီးဖိုများ၊ ပြောင်းရိုးများစသည်တို့ကို မီးဆိုက်ရသည့် မီးဖိုများအသုံးပြုကြရသည်။ ထိုသို့ကုန်ကျစရိတ်ဘက်မှ တက်လာသော်လည်း ထန်း လျက်ဈေးမှာ တစ်ပိဿာငွေကျပ် ၈ဝဝ ခန့်နှုန်းမှ မတက် သဖြင့် အမြတ်ရမှုလျော့နည်းလာကြသည်။ထို့ကြောင့် ထန်းတက်သမားလူငယ်အများစုသည် ထန်းသမားဘဝကိုစွန့်လွှတ်ကာ အခြားအလုပ်အကိုင် များ ပြောင်းလဲလုပ်ကိုင်လာကြသဖြင့် ထန်းလုပ်သား များလျော့ပါးလျက်ရှိသည်။ ရေစကြိုမှ ထန်းတက်သမား လူငယ်လေးများသည်မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများလာကြပြီး ရခိုင်ပြည်နယ်ဘက်သို့သွားကာ ကုန်မျိုးစုံကိုအထမ်းဖြင့်လည်းကောင်း၊ ဆိုင် ကယ်ဖြင့်လည်းကောင်း လှည့်လည်ရောင်းချသည့်အလုပ် များ ပြောင်းလုပ်နေကြသည်။ထန်းတစ်ပင်လုံး အသုံးမဝင်သည်မရှိရေစကြိုမြို့နယ်ရှိ ထန်းတောများသည် နှစ်ပေါင်း ရာကျော်သက်တမ်းရှိရာ ဘိုးဘွားအမွေအနှစ် ထန်းပင် များဖြစ်ကြသည်။ ထန်းပင်သည် တစ်နှစ်လျှင် ကြက်မ တစ်ဝပ်စာခန့်သာကြီးပြီး စတင်စိုက်ပျိုးချိန်မှ ၁ဝ နှစ် အကြာတွင် ထန်းရည်စတင်ရရှိသည်။ ထန်းရည်ရနိုင် သည့် အနိမ့်ဆုံးအပင်သည် ၁၅ ပေခန့်မြင့်ပြီးအမြင့်ဆုံး အပင်မှာ ပေ ၈ဝ ခန့်ရှိသည်။ထန်းပင်တစ်ပင်လုံးတွင် အသုံးမဝင်သည့်နေရာဟူ၍မရှိဟုပင်ဆိုနိုင်သည်။ ထန်းလက်ဖြင့် ကုလားထိုင်လုပ် ရောင်းချနိုင်ပြီး ထန်းရွက်များကိုအိမ်အမိုးများအဖြစ် သုံးကြသည်။ ထန်းမပင်များမှ ထန်းသီးကို ခုတ်ယူရောင်း သည်။ နတ်တော်လသို့ရောက်လျှင် ထန်းမြစ်များ တူးဖော် ရောင်းချကြသည်။ ထန်းရည်ချိုကို ထန်းလျက်ချက်ပြီး ရောင်းသလို အချဉ်ဖောက်ကာ ထန်းရည်ခါးအဖြစ်လည်း ရောင်းသည်။ ရေစကြိုမြို့ပေါ်တွင် ထန်းရည်ခါးဆိုင်၁၄ ဆိုင်ခန့်ရှိပြီး ထန်းရည်ခါးသောက်သူလည်း များသည်။ မြေအိုးတစ်လုံး (တစ်မြူ)လျှင် ကျပ်ငါးရာခန့်ရရှိသဖြင့် ထန်းရည်ပေါ်ချိန်တွင် ထန်းသမားတို့ အဆင်ပြေကြသည်။သက်တမ်းရင့်သောထန်းပင်မှ ထန်းသားသည် သစ်မာ သားကဲ့သို့ ပျဉ်တိုက်၍ အသုံးပြုနိုင်သဖြင့် နှစ်ရှည်ထန်း ပင်မြင့်များကိုခုတ်လှဲပြီး သစ်အစားထိုးအိမ်ဆောက်ကြ သည်။ အိမ်ဆောက်ရာတွင်အသုံးများသောသစ်ဖြစ်သည့် အင်သားထက် ဈေးနှုန်းသက်သာသည့်အပြင် အင်သား သည်အရှည် ၁၂ တောင်ခန့်သာရခြင်းနှင့် ထန်းသားက အရှည် ၁၈ တောင်အထိရနိုင်ခြင်း၊ထန်းသားရင့်ပါက အင်သားထက်ပင် နှစ်ရှည်အသုံးခံနိုင်ခြင်းတို့ကြောင့် လူကြိုက်များသည်။ ပိုးထိုးခြင်း၊ ခြစားခြင်းမရှိဘဲ မိုးလုံ လေလုံအသုံးပြုပါက နှစ်ပေါင်းရာချီအထိခံနိုင်ကြောင်း နှင့် ရေထဲတွင်သုံးပါကဆယ်နှစ်ခန့်သာခံနိုင်ကြောင်း သိရ သည်။ ထန်းပင်ပိုင်ရှင်များသည် မိမိတို့၏ နှစ်ရှည်ထန်းပင်ကြီးများကို အတောင် ၅ဝ မှ ၆ဝ ခန့်အထိ တစ်ပင်ငွေကျပ် ၁၂ဝဝဝ ဖြင့်လည်းကောင်း၊ အတောင် ၃ဝ မှ ၄ဝ ခန့်အထိ တစ်ပင်ကျပ် ၇ဝဝဝ ဖြင့်လည်းကောင်းရောင်းချကြသည်။ရေစကြိုမြို့နယ်မှ ထန်းပင်များရေစကြိုမြို့နယ်တွင် ထန်းပင်အရေအတွက်ခုနစ်သိန်း နီးပါးရှိကြောင်းနှင့် ထန်းရည်ချိုထွက်သည့် အရွယ်ရောက် ထန်းပင် ခြောက်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ စိုက် ဧကအနေဖြင့် ၆၄ဝဝ ကျော်ရှိပြီး အသုံးပြုဧက ၆ဝဝဝ ကျော်ရှိသည်။ ရေစကြိုမြို့နယ်တွင်းရှိ ထန်းပင်များသည် ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးခဲ့သော နှစ်ရှည်ပင်များဖြစ် သည်။ ထိုထန်းပင်များကို ခုတ်လှဲရောင်းချနေသော်လည်း အသစ်စိုက်ပျိုးမှုမှာ နည်းပါးသဖြင့် ယခုနှုန်းအတိုင်းနေ့စဉ်ခုတ်ယူနေပါက နောင်နှစ်အနည်းငယ်အတွင်း ရေစကြိုမြို့မှ ထန်းတောကြီးများပျောက်ကွယ်သွားနိုင်ဖွယ် ရှိသည်။ပွဲရုံလုပ်ငန်းများယခုအခါ ထန်းတက်သမား ရှားပါလာသည့်အတွက် ထန်းတက်မည့်သူများမရှိတော့ခြင်းနှင့်ထန်းပင်များကို ခုတ်လှဲရောင်းချသော်လည်း အပင်သစ်စိုက်ပျိုးမှုမရှိ တော့သဖြင့် ထန်းပင်များလျော့နည်းလာခြင်းတို့ကြောင့် ထန်းလျက်အထွက်နှုန်း လျော့ကျလျက်ရှိနေသည်။ရေစကြိုမြို့တွင် ထန်းလျက်ပွဲရုံ ၁၅ ရုံခန့်ရှိကာ ပွဲရုံများသို့ ထန်းလျက်အဝင်နှုန်းမှာတစ်နှစ်ထက်တစ်နှစ် လျော့ နည်းနေသည်ဟု သိရသည်။ထိန်းသိမ်းကာကွယ်သင့်ထန်းပင်များခုတ်လှဲရောင်းချ၍ ထန်းတောကြီးများပျက်သုဉ်းသွားပါက မြို့၏သဘာဝစိမ်းလန်းစိုပြည်ရေးကို များစွာထိခိုက်စေနိုင်သလို သဘာဝရာသီဥတု ဂေဟစနစ် ကိုလည်း ပျက်စီးစေနိုင်သဖြင့်ရေစကြိုမြို့နယ်မှ ထန်းပင် ထန်းတောကြီးများမပျက်စီး၊ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန် လိုအပ်လျက်ရှိနေသည်။ ။
( Credit;Myanmaalin Facebook)
Monday, December 15, 2014
ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကုန်းမြေများ ဝယ်လိုအားတက်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ကျောက်ကုန်းမြေ များတွင် ရှင်မတောင်သနပ်ခါး စိုက်ပျိုးလိုသူများကြောင့် မြေဝယ် လိုအား သိသိသာသာမြင့်တက် လာကြောင်း ဒေသခံသနပ်ခါးစိုက် တောင်သူများက ပြောသည်။
‘‘အရင်တုန်းက ဝယ်သူမရှိ တဲ့ ကျောက်ကုန်းမြေတွေမှာ အနည်းဆုံးမြေတစ်ဧက ဆယ် သိန်းကနေ သိန်းငါးဆယ်ဝန်း ကျင်အထိ အရောင်းအဝယ်ဖြစ် လာတယ်။ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာက စီးပွားရေးလုပ်ငန်းရှင် တွေက တစ်ဦးကို မြေဆယ်ဧက ဝန်းကျင်အထိဝယ်ပြီး သနပ်ခါး စိုက်ပျိုးတာတွေရှိတယ်’’ဟု ရေ စကြိုမြို့နယ် မအူပန်းခြံရပ်ဒေသ ခံ ရှင်မတောင်သနပ်ခါးစိုက်ပျိုး ရေးလုပ်ငန်းရှင် ကိုစန်းလှိုင်က ပြောသည်။ ရှင်မတောင်သနပ်ခါးပျိုးပင်တစ်ပင်လျှင် ကျပ်ငါးဆယ်မှ ကျပ်တစ်ရာဝန်းကျင်ရှိပြီး ယခု နှစ်အတွင်း မုံရွာ-ရေစကြို-ပခုက္ကူ လမ်းတစ်လျှောက် တောင်ကုန်းတောင်တန်းများသာမက အနီး ဝန်းကျင်ရှိ တောင်တန်း ဒေသများရှိ ယာမြေများတွင်ပါ သနပ်ခါးစိုက်ပျိုးသူ ပိုမိုများပြား လာကြောင်း ရေစကြိုမြို့ဒေသခံများကပြောသည်။
လမ်းဘေး ယာမြေတစ်ဧက လျှင် ကျပ်သိန်းခုနစ်ဆယ်ဝန်း ကျင်ရှိရာမှ ယခုနှစ်တွင် ကျပ် သိန်း တစ်ရာဝန်းကျင်အထိ ဈေး မြင့်တက်ခဲ့သည်။
ကျေးရွာ အနီးအဝေးပေါ် မူတည်၍ လမ်းဘေးသနပ်ခါးခြံ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာမှ ကျပ်သိန်း နှစ်ရာကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှင်မတောင် သနပ်ခါးကိုအမွှေးတိုင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှုများကြောင့် ဆယ်စုနှစ် တစ်ခုအတွင်း ရေစကြိုမြို့နယ် တောင်ကုန်းတောင်တန်း ကျောက်ကုန်းမြေများတွင် တိုးချဲ့စိုက်ပျိုးသူများပြားလာခြင်းဖြစ်ကြောင်း ရှင်မတောင် သနပ်ခါးစိုက်ပျိုးသူများက သုံးသပ်ပြောသည်။
(Credit to 7day News)
Wednesday, March 26, 2014