Sunday, October 30, 2016

ပုခန်းကြီးမြို့ ဟောင်းဆီသို့ ........

ပုခန်းကြီးမြို့ ဟောင်းဆီသို့ ........

“ပုခန်းကြီး” … လို့် ဆိုလိုက်တာနဲ့ ကြက်တစ်ကောင်ကို ရင်မှာပိုက်လို့ ၊ အရက်ခွက်ကို ကိုင်ကာမြှောက်ကာနဲ့ နတ်ဝင်သည် ၊ ဒါမှမဟုတ် ကိုကြီးကျော်ပုံ ထုလုပ်ထားတဲ့ ရုပ်ထု နဲ့ အရုပ်ပုံတွေကို ပြေးမြင်ကြမယ်ထင်ပါတယ် ။ ကျွန်တော့ အနေနဲ့ကတော့ နတ်ကိုးကွယ်မှုနဲ့ ပက်သက်လို့ ကိုယ့် နိုင်ငံ အတွင်းက ရှေးအစဉ်ဆက် ရှိနေခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တစ်ခုအနေနဲ့ သာ သတိပြုမိတာပါ ။ ဒါကြောင့် ပခန်းကြီး မြို့ ဟောင်းနဲ့ ပက်သက်လို့ မြို့ ဟောင်းရဲ့ လက်ရှိအနေထား ၊ ရှေးဟောင်းသမိုင်ဝင် အဆောက်အအုံများနဲ့ သူနဲ့ပက်သက်ရာ သမိုင်းကြောင်းကိုသာ ပိုပြီးစိတ်ဝင်စားမိပါတယ် ။ ကိစ္စတစ်ခုနဲ့ပခုက္ကူမြို့ ကိုရောက်ခဲ့တော့ နောက်တစ်နေ့ မှာပဲ တည်းခိုခန်းက စီစဉ်ပေးတဲ့ ဆိုင်ကယ်တစ်စီးကို နေ့ဖြတ်နဲ့ငှားပြီး ပုခန်းကြီးနဲ့ ရေစကြိုဘက်ကို နေ့ချင်းပြန်ခရီးသွားခဲ့တာပါပဲ ။

ပုခန်းကြီးမြို့ ဟောင်းက ပခုက္ကူနဲ့ သိပ်မဝေးလှပါဘူး ။ 18 မိုင်အကွာလောက်ပဲ ရှိတယ်လို့ သိထားပါတယ် ။ ပုခန်းကြီးနယ်မြေပါဝင်တဲ့ ပခုက္ကူခရိုင်ဟာ မြန်မာနိုင်ငံအတွင်းက လူသိများတဲ့ ရှေးဟောင်းသမိုင်ဝင် ဒေသတစ်ခု မဟုတ်ခဲ့ ပေမယ့်် သမိုင်းပက်သက်တဲ့ အချက်လက် အထောက်ထားတွေ တော်တော် များများ ရှာဖွေတွေ့ ရှိခဲ့တဲ့ ဒေသဖြစ်ပါတယ် ။ ပခုက္ကူဒေသဟာ လူ့ယဉ်ကျေးမှု ထွန်းကားပြီး ကာလအတွင်း အထောက်ထားတွေသာမဟုတ်ပဲ လွန်ခဲ့ တဲ့ နှစ်ပေါင်း သန်း ၄၀ လောက်က အသက်ရှင်သန်နေထိုင်ခဲ့ တဲ့ လူသားမျိုးနွယ် လူတူပရိုင်းမိတ် အရိုးတွေ တွေ့ ရှိရာဒေသ လည်းဖြစ်ပါတယ် ။ ပုခန်းကြီးဒေသအနားက ပုံတောင်ဒေသမှာ တွေ့ ရှိရဲ့ တဲ့ ANTHROPOID PRIMATE တွေကို ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ပညာရှင်အများစုက ကမ္ဘာပေါ်မှာရှိတဲ့ ပရိုင်းမိတ်တွေထဲမှာ အစောဆုံးဖြစ် သတ်မှတ်ကြတဲ့ အကြောင်းကိုလည်း မှတ်သားရဖူးပါတယ် ။ အဲဒီနောက် ကျောက်ခေတ်ဟောင်း ၊ ကျောက်ခေတ်လယ် ၊ ကျောက်ခေတ်သစ် ၊ ကြေးခေတ် ၊ သံခေတ် စတဲ့ ခေတ်အဆက်ဆက်တွေ မှာ ရှေးဦးလူတို့ နေထိုင်ကျက်စားခဲ့တဲ့ သဲလွန်စ အများအပြားကိုလည်း ဒီဒေသမှာ တွေ့ ရှိနေရတုန်းပါ ။
ကျွန်တော်တို့ နိုင်ငံရဲ့  သမိုင်းမှတ်တမ်းတင်နိုင်တဲ့ ခေတ်တွေဖြစ်တဲ့ ပျူခေတ်နဲ့ သက်ဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ၊ ပုဂံခေတ်ဦး ဘုရားဆင်းတုတော်များကစလို့ ကုန်းဘောခေတ်နှောင်းဆိုင်ရာ စေတီပုထိုးများနဲ့ သာသနိကအဆောက်အအုံများကိုလည်း အခုအချိန်ထိ မျက်မြင်ထင်ရှားတွေ့ နေခဲ့ ရပါသေးတာပါ ။ ပုဂံခေတ် ကောင်းစားစဉ်ကာလကလည်း ဒီပခုက္ကူ လွင်ပြင်ကြီးတစ်ခုလုံးဟာ ပုဂံနိုင်ငံတော်ကြီး တိုးတက်စည်ပင်ဝပြောမှုကို တောင့်ကန်ပေးနိုင်တဲ့ ဒေသကြီးတစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ် ။

ရ န္တပိုစာချုပ် ချုပ်ဆိုခဲ့ သူ “ဂျွန်ကရော့ဖို့” ရဲ့ မှတ်တမ်းအရ …. 1827 စက်တင်ဘာလ 26 ရက်နေ့ မှာ ပခုက္ကူ သို့ ရောက်ခဲ့ ကြောင်း ၊ လူဦးရေများပြီး အရောင်းအ၀ယ် ကြီးကျယ်ဖြစ်တဲ့ နေရာဖြစ်ကြောင်း ၊ အိမ်ခြေ 500 နဲ့ 600 အကြားရှိနိုင်ကြောင်း ၊ ပခုက္ကူနဲ့ ပုခန်းကြီးဒေသဟာ အောက်မြန်မာပြည်နဲ့ အင်းဝ နေပြည်တော်အကြားတည်ရှိနေတော့ ဧရာဝတီမြစ်ကြီး အတွင်း သွားလာရခက်ခဲတဲ့ နွေရာသီအခါမျိုးမှာ ခရီးတစ်ထောင့် ရပ်နားပြီး ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ နေရာလည်းဖြစ်ကြောင်း နဲ့ ကမ်းနားတစ်လျှောက်လုံးမှာ ဆိုက်ထားတဲ့ အရွယ်အမျိုးမျိုးနဲ့လှေစင်းရေ 300 လောက်ရှိကြောင်းကို သူတို့မှတ်တမ်းမှာ ဖော်ပြထားတယ်လို့ သိရပါတယ် ။

ကျွန်တော်လည်း ဆိုင်ကယ်တစ်စီးနဲ့ ပခုက္ကူ ပခန်းကြီး လမ်းတစ်လျောက် မှာရှိတဲ့ သဘ၀ပတ်ဝန်းကျင် ရှုခင်းကောင်းလေးတွေကို ဆိုင်ကယ်နားပြီး ဓာတ်ပုံဆင်းရိုက်လိုက် ၊ ဆက်သွားလိုက် ၊ ဒီဒေသနဲ့ ပက်သက် တဲ့ အကြောင်းလေးတွေကို ပြန်တွေးလိုက်နဲ့ တွေးရင်း … တွေးရင်း ဆိုင်ကယ် တစ်စီးနဲ့ ခရီးနှင်လာခဲ့ပါတယ် ။ လမ်းတစ်လျှောက်မှာ တွေ့ရတဲ့ ပတ်ဝန်းကျင်ရှုခင်းကောင်းလေးတွေ ၊ ထနောင်းပင်တန်း အကြားက လမ်းလေးတွေ ၊ နေကြာခင်းလေးတွေနဲ့ အဝေးက မြင်နေရတဲ့ ရှင်မတောင်ရှုခင်းတွေကိုပါမကျန် ဆိုင်ကယ်ကို ခဏ ခဏ ရပ်နားပြီး ဓာတ်ပုံဆင်းရိုက်ရင်း ပုခန်းကြီးမြို့ ဟောင်းနယ်မြေထဲကို ရောက်လာမှန်းမသိ ရောက်လာခဲ့ပါတော့တယ် ။

ပုခန်းကြီးမြို့ ဟောင်းမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ ရတော့ မှ မြို့ ဟောင်းအတွင်းရောက်လာပြီပဲ ဆိုတဲ့ အသိနဲ့ တွေးလက်စ အတွေးတွေကိုဖြတ်လို့ ပတ်ဝန်းကျင်ကို ပိုပြီး အာရုံစိုက် လိုက်ပါတယ် ။ ပုခန်းမြို့ ဟောင်းကို ဖြတ်သွားတဲ့ လမ်းတစ်ဖက်တစ်ချက်မှာတော့ မြို့ ငယ်လေး တစ်မြို့ လို စည်ကားလို့ ရှိနေတာပါ ။ ပုခန်းကြီး မြို့ ဟောင်း အ၀င်ပေါက်နားမရောက်ခင်မှာ ရွေရောင်တစ်ဝင်းဝင်းနဲ့ ဘုရားတစ်စုကိုမြင်လိုက်လို့ ဆိုင်ကယ်ကို ချိုးကွေ့မောင်းဝင်သွားတဲ့ အခါမှာ ကျွန်တော်ရောက်ဖူးချင်လှတဲ့ စည်သူရှင် ဘုရားကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားခဲ့ပါတယ် ။ စည်သူရှင်ဘုရားဟာ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့ တဲ့စေတီတစ်ဆူဖြစ်ကြောင်းသိထားပါတယ် ။ အခုလက်ရှိအခြေနေမှာ စည်သူရှင်ဘုရားကြီးကို နှောင်းခေတ်လူတွေ ပြုပြင်မွန်းမံမှု အားကောင်းလွန်းတော့ မူရင်းလက်ရာဆိုလို့ လုံးဝမှန်းလို့ မရအောင်ကိုဖြစ်နေတော့တာပါ ။ တချို့ တစ်နေရာတွေ မှာတော့ ကံကောင်းထောက်မစွာနဲ့ မူရင်းလက်ရာတွေဖြစ်တဲ့ မိကျောင်းခေါင်းပုံ ရေထုတ်မြောင်းလေးတွေ ၊ ဘီလူးရုပ်တွေကို တွေ့ ခဲ့ရပါတယ် ။

ဒီဒေသက လူတွေရဲ့ သဒ္ဒါတရားကလည်း ဆန်းကျယ်တယ်လို့ ပြောရမှာပါပဲ ။ ဘာလို့လဲဆိုတော့ စည်သူရှင်ဘုရားနဲ့ ဘုရားပါရ၀ုဏ်ထဲမှာရှိတဲ့စေတီတွေကိုပဲ ၀င်းပတောက်ပြောင်နေအောင်ပြုပြင်ကြပြီး အနီးအနားကအများအပြားတွေ့ နေရတဲ့ ဘုရားစေတီတွေကိုတော့ ခြုံတွေ ဖုံးပြီးတွေ့ နေရလို့ပါပဲ ။ ကျွန်တော့အနေနဲ့က ရှေးဟောင်းဘုရားတွေကို လူသူမနီးဘဲ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းကွာနေတာကိုလည်းမလိုလားသလို ရှေးဟောင်းလက်ရာဆိုလို့ လုံးဝမှန်းဆလို့ မရနိုင်အောင်သစ်လွင်တောက်ပနေတာမျိုးကိုလည်း စိတ်ထဲမှာခံစားလို့မရပါဘူး ။ အခုကတော့ ဒီနားပတ်ဝန်းကျင်က ဘုရားတွေကိုဖူးတွေ့ ရတာ အစွန်း နှစ်ဖက်ကိုရောက်နေတဲ့အနေထားမျိုးနဲ့ပါ ။

ပုခန်းကြီးမြို့ ဟောင်း ကိုလေ့လာရင် စည်သူရှင်ဘုရားအကြောင်းကို ပါထည့်သွင်းလေ့လာမှ ပြည့်စုံ နိုင်သလို စည်သူရှင်ဘုရား အကြောင်းကို လေ့လာရင် ပုခန်းကြီး မြို့ ဟောင်း အကြောင်းပါထည့်ပြီးလေ့လာပါမှ ပြီးပြည့်စုံမှာ ဖြစ်ပါတယ် ။ ပုခန်းကြီး မြို့ ဟာ ငါးကြိမ်ငါးခါတည်ခဲ့တဲ့ ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများကဖော်ပြပါတယ် ။ ရာဇ၀င်များမှာ ဖော်ပြချက်အရဆိုရင် ပုခန်းကြီးမြို့ ကို BC 508 ခုလောက်ကတည်းက ဇနုသီဟမင်းကနေပြီး စတင်တည်ထောင်ခဲ့ပါသတဲ့ ။ ဒုတိယ အကြီမ်မှာတော့ အများသိကြတဲ့ ကိုကြီးကျော်တို့ ညီအစ်ကို ( စည်သူ နဲ့ ကျော်စွာ ) တို့က ပုဂံခေတ်ဦး AD 738 ခုနှစ်မှာ တည်ခဲ့ တယ်လို့ ဆိုပြန်ပါတယ် (ခုနှစ်မူကွဲတွေ ရှိပါသေးတယ် ) ။ အခုပြောခဲ့ တဲ့ ပထမ နဲ့ ဒုတိယ အကြိမ်တွေမှာ ပုခန်းမြို့ ကြီးကို တည်ခဲ့ တဲ့ အတောက်ထားတွေ မတွေ့ ခဲ့ရပေမယ့် ရဇ၀င်အလာ ပုခန်းကြီးမြို့ တည်သမိုင်းကြောင်းအနေနဲ့ကတော့ တစ်ခန်းတနားဖော်ပြကြတာကို မှတ်သားရဖူးပါတယ် ။

ဒေါက်တာတိုးလှရဲ့ စာတမ်းအရ ပုခန်းကြီးကိုလေ့လာကြည့်ရာမှာ အလောင်းစည်သူ မင်းလက်ထက် ကတည်းကတိုင် ပုခန်းကြီးမြို့ ဟောင်းနေရာမှာ လူနေထူုထပ်တဲ့ ရွာကြီးတစ်ရွာ အဖြစ်တည်ရှိနေပြီးသားဖြစ်ပုံရတယ်လို့ ဆိုပါတယ် ။ ရာဇ၀င်များအလိုရ ဒီနေရာ ဒီဒေသမှာ အလောင်းစည်သူမင်းကြီးက သရက္ခန်ဘုရားရုပ်ပွားတော်နဲ့ စည်သူရှင်ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ်ဆိုတာကိုတော့ ပညာရှင်များက တစ်ညီတညွတ်တည်း လက်ခံထားကြတာပါ ။ ဒေါက်တာ တိုးလှ ကလည်း ပုခန်းကြီးမြို့ နဲ့ပက်သက်တဲ့ အထောက်ထားတွေကို AD 1118 ( အလောင်းစည်သူလက်ထက် ) လောက်ချိန်မှာသာ အစောဆုံးတွေ့ ရတယ်လို့ ဆိုပါတယ် ။ သက္ကရာဇ် ၄၃၀ ခုနှစ် ( အေဒီ 1068 အနော်ရထာမင်းလက် ) မှာရေးထိုးတယ်လို့ဆိုတဲ့ ဂ၀ံကျောင်းကျောက်စာမှာ ကုခန်း ( ပုခန်း ) နဲ့ ပက်သက်ပြီးရေးထိုးပါရှိတာကို အစောဆုံးတွေ့ ရပေမယ့် အဲဒီကျောက်စာက အနော်ရထာမင်း လက်ထက်ထိုး ကျောက်စာမဖြစ်နိုင်ဘဲ နောက်ပိုင်း ခေတ်တွေကျမှ တဆင့်ထိုးထားတဲ့ ကျောက်စာဖြစ်ပုံရပြီး ရက်စွဲတွေကလည်း ကွဲလွဲ ချက်တွေ ရှိနေတာမို့ အတည်ယူလို့ မရနိုင်ပြန်ဘူးတဲ့ ။

တတိယအကြီမ် ပင်းယခေတ် တစ်စီးရှင်သီဟသူ လက်ထက် AD 1305 ခုနှစ်မှာ တည်ခဲ့ တာကျတော့ အထောက်ထား ခိုင်ခိုင်လုံလုံ ရှိနေခဲ့ ပါတယ် ။ အဲဒီနောက် စတုထ္ထ အကြီမ်ကို AD 1380 ခုနှစ် မင်းကြီးစွာ စော်ကဲ လက်ထက်မှာ ထပ်မံပြီးတည်ခဲ့ပြန်တာပါ ။ ပဉ္စမအကြီမ်ဖြစ်တဲ့ AD 1738 မဟာဓ္မရာဇာအဓိပတိလက်ထက်မှာလည်း ပုခန်းမြို့ ကြီးကို ခိုင်ခန့်အောင်ပြုပြင်မွန်းမံပြီး ပြန်လည် တည်ဆောက်ခဲ့ ကြောင်းသိရပါတယ် ။ အဲဒီလို မြို့ ကြီးကို အကြီမ်ကြီမ် ပြုပြင်မွန်းမံပြီးတည်ခဲ့ ကြပေမယ့် ပုခန်းကြီးမြို့ ဟာ အဓီကမင်းနေပြည်တော်တော့မဟုတ်ခဲ့ပါဘူး ။ ပုဂံမှာခေတ်မှာဆိုရင် ပုခန်းကြီးမြို့ တည်နေရာဟာ ပုဂံမင်းနေပြည်တော်ကြီးနဲ့ မလှမ်းမကမ်းမှာတည်နေတာဖြစ်လို့ အဲဒီခေတ် အဲဒီအခါက လူနေထူထပ်တဲ့ ရွာကြီးတစ်ရွာ အနေနဲ့ ရှိနေနိုင်ပေမယ့်လည်း နောက်ပိုင်း ပင်းယ နဲ့ အင်းဝ ခေတ်တို့မှာတော့ အရေးပါအရာရောက်တဲ့ နေရာတစ်ခုဖြစ်လာပုံရပါတယ် ။ ပင်းယ နဲ့ အင်းဝ ခေတ်တို့မှာတော့ အောက်ဘက်မွန်နိုင်ငံက ဆန်တက်လာတဲ့ရန်သူတွေ ကိုတွန်းလှန်ခုခံရာ ခံတပ်မြို့ တစ်မြို့ အဖြစ်နဲ့ အရေးပါအရာရောက်တဲ့ မြို့ တစ်မြို့ အဖြစ် သမိုင်းမှတ်တမ်းမှာ တင်တင်ရှားရှား ရှိခဲ့ ပါတယ် ။ ပုခန်းကြီးမြို့ ဟာ ခေတ်အဆက်ဆက်မှာ အရေးပါအရာရောက်တဲ့ ခံမြို့ တစ်မြို့ ဖြစ်ခဲ့ပုံပါပဲ ။ အရေးပါ အရာရောက်တဲ့ မြို့ တစ်မြို့ ဖြစ်ခဲ့လို့လည်း ရန်သူတွေရဲ့ ချေမှုန်းတိုက်ခိုက်တဲ့ဒါဏ်ကို အကြိမ်ကြီမ်ခံရပြီး ခေတ်အဆက်ဆက်ကဘုရင်များလည်း တခြားမြို့ ကြီးတွေထက်အလေးထားလို့ အထပ်ထပ်ခိုင်မာအောင် တည်ဆောက်ခဲ့ ကြတာနေမှာပါ။

အခုအချိန်မှာ ပုခန်းကြီး မြို့ ရိုးပျက်အကြွင်းအကျန်များကို မြို့ ရဲ့ လေးဘက်လေးတန်မှာ တွေ့ နေရသေးတာပါ ။ ပြီးတော့ ပုခန်းကြီးမြို့ ကောင်းစားစဉ် ခေတ်အဆက်ဆက်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုး အပျက်အစီးများကိုလည်း နေရာအနှံ့ အပြားမှာတွေ့ နေရတာပါပဲ ။ တည်ထားခဲ့တဲ့ စေတီတွေဟာဆိုရင်လည်း ပုဂံခေတ်နဲ့ နှီးနွယ်တဲ့ ပုံစံမျိုးတွေကို တွေ့ ရများပါတယ် ။ ယခုလက်ရှိ အနေထားမှာ ပုခန်းကြီး မြို့ ဟောင်းဝန်းကျင်မှာရှိတဲ့ စေတီပုထိုးပေါင်း ( 380 ) ကျော်လောက် ရှိနေသေးတယ်လို့ သိရပြီး သက်ဆိုင်ရာအနေနဲ့ကတော့ ရှေးဟောင်းဘုရားတွေ ပြန်လည်ပြင်ဆင်ဖို့ သိပ်ပြီး အာရုံမရသေးဘူးလို့ ထင်ပါတယ် ။ ပုခန်းကြီးမြို့ ဟောင်းပုံစံက တခြားမြို့ ဟောင်းတွေ လို လေးထောင့် မကျဘဲ မြောက်ဘက်မှာ ကျယ်ပြီး တောင်ဘက်မှာ ကျည်းသွားပါတယ် ။ ပြီးခဲ့တဲ့ 2003 ခုနှစ်လောက်တုန်းက မြို့ ရိုးပတ်ပတ်လည်မှာ တောရှင်းမှုတွေ ပြုလုပ်ခဲ့လို့ မော်တော်ကားနဲ့ပတ်ပြီး လျှောက်ကြည့်လို့ တောင်ရတယ်တဲ့ ။ အခုချိန်မှာတော့ တောတွေ ဖုံးလွှမ်းနေတာမို့ မြို့ ရိုးအုတ်တံတိုင်းကြီးတွေကို ထင်ထင်ရှားရှား မမြင်ခဲ့ရတော့ပါဘူး။

ပုခန်းကြီးမြို့ ဟောင်းကို လာရောက်လည်ပတ်ဖို့ စီစဉ်တုန်းက ဒီဒေသမှာ ရှိတဲ့ လေ့လာစရာတွေကို ကျတော့်ခေါင်းထဲမှာ အများကြီးစီစဉ်ထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ရတဲ့အချိန် နည်းနည်းနဲ့ ပထမဆုံးအကြီမ်ဖြစ် ပုခန်းကြီးဒေသကို လာရောက်လည်ပတ်တာဖြစ်တာမို့ ထင်သလောက်ခရီးမပေါက်ဘဲ သွားလာရလွယ်ကူတဲ့ နေရာတချို့ လောက်ကိုသာ လေ့လာကြည့်ရှုပြီးပြန်ခဲ့ ရပါတယ် ။ ကျွန်တော် ပုခန်းကြီးကိုရောက်ခဲ့တဲ့နေ့က အနီးနားပတ်ဝန်းကျင်မှာ မြင်တွေ့ နေရတဲ့ ဘုရားပြို ဘုရားပျက်တွေကိုသာ အနီးကပ် လေ့လာကြည့်ရှုခဲ့ ပြီး တချို့ ကိုတော့ အဝေးကနေပြီးတော့ပဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့ရတာပါပဲ ။ ပုခန်းကျောင်းတော်ကြီးကိုရောက်ခဲ့ ပေမယ့် သီးသန့် ရေးအုံးမှာဖြစ်လို့ ချန်ထားလိုက်ပါတယ် ။

ပြန်ခါနီးမှာ ပုခန်းကြီးဟောင်းရဲ့  မြောက်ဘက် မြို့ ရိုးနားက ရှေးဟောင်းသုတေသန ပြတိုက်ကိုတော့ ကျန်နေသေးတဲ့အချိန်နည်းနည်းလေးမှာ ၀င်ရောက်ကြည့်ရှုခဲ့ ပါတယ် ။ ပြတိုက်ထဲ မှာတော့ ပုခန်းကြီး ဒေသတ၀ိုက်က တွေ့ ရှိရတဲ့ ကျောက်ခေတ်လူ့ အသုံးဆောင်ပစ္စည်းတွေကနေ ပျူခေတ် ၊ ပုဂံခေတ် ၊ ပင်းယခေတ် ၊ ညောင်ရမ်းခေတ် ၊ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ဦး ခေတ်နှာင်းအထိ လက်ရာတွေ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်များကို ခင်ကျင်းပြသထားတာကို လေ့လာကြည့်ရှုရပါတယ် ။ ပြသထားတဲ့ ပစ္စည်တွေက အမျိုးအစား တော်တော်စုံလင်ပြီးစိတ်ဝင်စားဖို့ လည်းအရမ်းကောင်းတာပါ ။ ထူးခြားတာက ဒီဒေသမှာ တွေ့ ရှိရတယ်ဆိုတဲ့ နှစ်သန်းပေါင်းများစွာကသတ္တ၀ါတွေရဲ့  ကျောက်ဖြစ်ရုပ်ကြွင်းတွေပါပဲ ။ ပြထားတဲ့ ပစ္စည်းတွေထဲမှာ အနှစ်သန်း 30 ကလို့ ခန့်မှန်းထားတဲ့ ကျောက်ဖြစ်နေတဲ့ ခရု ၊ ကာမာ တွေကိုတွေ့ ရတော့ အရင်က ဒီပုခန်းကြီးဒေသဟာ ပင်လယ်ရေအောက်မှာရှိနေခဲ့ပါလားလို့ တွေးနေခဲ့မိပါတယ် ။

ပတိုက်ကနေ ထွက်ခါနီးမှာ ဒီပုခန်းကြီးပြတိုက်ကို ပုံမှန်လာရောက်လေ့လာတဲ့ သူရှိပါရဲ့ လားလို့ ပြတိုက်ဝန်ထမ်း စပ်စုကြည့်တော့ မလာကြပါဘူးဗျာ… တဲ့ တခါတစ်လေ တစ်လလုံးကြာလို့ မှ တစ်ယောက်ပေါ်မလာဘူးတဲ့ ၊ ပြီးတော့ ဒီလမှာဆိုရင် အခုကျတော်ပေးခဲ့ တဲ့ ပြတိုက်ဝင်ကြေး 200 ကျပ်ပဲ ရသေးတယ်လို့ ရယ်ပြီးပြောရှာပါတယ် ။ ဒီပြတိုက်ကြီးကို 2003 ခုနှစ်လောက်မှာ စပြီးဖွင့်တုန်းက အခမဲ့ လေ့လာခွင့်ပြုခဲ့တော့ လာလိုက်ကြတဲ့ လူတော်တော်များတယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ပြတိုက်ကိုအခမဲ့ဖွင်းထားတဲ့ကာလတွေမှာ ပုန်ခန်းကြီးမှာရှိတဲ့အိမ်တွေက ဧည့်သည်လာတိုင်း သူတို့ ဧည့်သည်တွေကို ဒီပြတိုက်ဆီ လာလာပို့ ကြသတဲ့ ။ 2006 ခုနှစ်မှာ လာရောက်ကြည့်ရှုသူတစ်ယောက်ကို 200 ကျပ် နှုန်းနဲ့ ကောက်ခံခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်းလူတွေ အလာကျဲသွားလိုက်တာ နောက်ဆုံး လာရောက်လေ့လာတဲ့ သူမရှိသလောက်ကိုဖြစ်သွာရောတဲ့ ။ အနီးနား ရပ်ကွက်ထဲ မှာရှိတဲ့ လာလေ့လာသူတချို့ က ခင်ဗျားတို့ ပြတိုက်ကို 200 ကျပ် ပေးပြီး လာလေ့လာတာ ဘာမဟုတ်တဲ့ အရိုးခြောက်တွေ ပြထားတွေကိုဘဲ တွေ့ တယ်ဆိုပြီး မကြေမနပ်နဲ့ အပြစ်တင်ပြီး ပြန်သွားသေးသတဲ့ ။ ပြတိုက်ဝန်ထမ်းပြောစကားများကိုကြားရတဲ့အခါမှာ တကယ်ကိုစိတ်မောသွားတာပါပဲ။

ပြတိုက်က ထွက်လာပြီး ပခုက္ကူဘက် ပြန်လမ်းတစ်လျှေက်မှာတော့ ကျွန်တော့စိတ်ထဲမှာ အလိုမကျမှုတွေနဲ့ ပြည့်လို့ပါပဲ ။ စိတ်ထဲ မှာလည်း ……. တချို့ လူတွေဟာသက်ဆိုင်ရာဌာနက အများပြည်သူလေ့လာဖို့ ငွေကျေးအကုန်ကျခံလို့ပြတိုက်ဆောက်ပြီး လေ့လာချင်စရာ ရှေးဟောင်းပစ္စည်းတွေကို ခင်းကျင်းပြ သထားပြန်တော့လည်း တန်ဖိုးထားရကောင်းမှန်းမသိကြပါလား …. ဆိုပြီး ရင်မောနေမိပါတယ် ။ တကယ်ဆို ရှေးဟောင်းနယ်မြေ နဲ့ အနီးနားမှာ နေတဲ့ သူတွေဟာ ကိုယ့်ဒေသရဲ့ ရှေးဟောင်းအမွေနှစ်တွေကို ပိုပြီးတော့တောင် တန်ဖိုးထားရကောင်းမှန်း သိကြဖို့ ကောင်းပါတယ် ။ ဒါတွေဟာ ကိုယ့်နိုင်ငံ့သမိုင်းအတွက် ဘယ်လောက်အရေးပါအရာရောက်တယ်ဆိုတာကိုလည်း သိထားရမှာပါ ။ ဒီလိုမှမဟုတ်ရင်တော့ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်တွေ ဆုံးရှုံးပျောက်ကွယ်မယ့် အန္တရာယ်ဆီကို ဦးတည်နေအုံးမှာပါပဲ ။ ဒါသိပ်ကိုအရေးကြီးပါတယ် ။ လူတိုင်း ဂရုပြုသင့်တဲ့အချက်တွေလို့မြင်မိပါတယ် ။ ( ရန်နောင်စိုး )

အကိုအကား ။ ကူနီနန်းနှင့် ပုခန်းမြေ ( ဒေါက်တာသက်လွင် )
ကုခန်း သို့မဟုတ် ပုခန်း ( ဦးဌေးဝင်းမောင် ( ရှေး / သု )
ပုခန်းကြီးမှသည် ပခုက္ကူသို့ ဒေသသမိုင်းတိုးတက်ပုံကို ခြေရာကောက်ခြင်း ( ဒေါက်တာတိုးလှ)

Credit- Yannaung Soe ´s FB

Wednesday, September 14, 2016

ထန်းစေ့ အဖို ၊ အမ ခွဲခြားခြင်း

#ထန်းစေ့ အဖို ၊ အမ ခွဲခြားခြင်း
======================

13.9.2016

လူတို့သည် ထန်းပင်များကို နှစ်စဉ်နှစ်တိုင်းပင်
စိုက်ပျိုးနေကြပေပြီ။လယ်ယာလုပ်ငန်းမဖြစ်ထွန်းသောမြေများ၊
မြေလွတ်မြေရိုင်းနှင့် ယာကန်သင်းများတွင်အများဆုံး
စိုက်ပျိုးကြခြင်းဖြစ်သည်။
စိုက်ပျိုးသူများသည် ထန်းဖိုထက်ထန်းမကိုအလိုရှိကြသည်။
ထန်းမ၏အသုံးကပိုမို၍တွင်ကျယ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့်မိမိတို့စိုက်ပျိုးသမျှထန်းပင်များတွင်
ထန်းမများများပေါက်စေချင်ကြသည်ပင်တည်း။
သို့သော်ဆန္ဒအတိုင်းဖြစ်မလာကြချေ။
အချိန်တန်သောအခါထန်းဖို၊ထန်းမရောရောနှောနှောသာ
ထွက်လာစမြဲဖြစ်သည်။

ဤသို့မိမိတို့လိုလားသည့်အတိုင်းဖြစ်မလာသည်မှာ
အဘယ်ကြောင့်နည်း။အဖြေကားရှင်းပါသည်။
ထန်းပင်စိုက်ပျိုးစဉ်ကထန်းစေ့ကိုအဖိုစေ့၊အမစေ့ ဟူ၍
ခွဲခြားမသိသောကြောင့်ဖြစ်ပါသည်။

ထန်းစေ့ကိုအဖိုစေ့၊အမစေ့ခွဲခြား၍သိနိုင်ဖို့ရန်ကား
လွယ်ကူလှသည်မဟုတ်။သိမ်မွေ့သောအရာကို
ထင်ရှားစွာသိမြင်နိုင်သောမဟော်သဓာ၏ဥာဏ်မျိုးရှိပါမှ
တစ်ခဏချင်းခွဲခြားစိုက်ပျိုးနိုင်မည်ဖြစ်သည်။
သို့အတွက်ထန်းစေ့များကိုသုတေသနပြုရပေမည်။
သုတေသနပြုရန်မှာလည်းတစ်နှစ်၊နှစ်နှစ်မျှနှင့်မရနိုင်။
ထန်းပင်သည်စိုက်ပျိုးပြီးအနှစ် ၂၀ ခန့်ရှိမှသာလျှင်
ထန်းဖိုထန်းမခွဲခြား၍ထွက်လာနိုင်သောကြောင့်ဖြစ်သည်။
ထိုအချိန်ကာလအထိစောင့်စားပြီးလေ့လာမှတ်သားဖို့မှာ
လူတိုင်းအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ဖြစ်နေပေမည်။

ထန်းစေ့ အဖိုအမ ခွဲခြားမှုနှင့်ပက်သက်၍
အယူအဆအမျိုးမျိုးရှိတတ်ကြသည်။
ထန်းစေ့သည်အဖိုစေ့၊အမစေ့ဟူ၍အတည်တကျမရှိ။
စိုက်ပျိုးသည့်နည်းစနစ်ပေါ်တွင်မူတည်ပြီးအဖိုပင်အမပင်
ခွဲခြား၍ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဥပမာ ထန်းစေ့ကိုပက်လက်စိုက်လျှင်``အမ´´ပင်၊
မှောက်၍စိုက်လျှင်``အဖို´´ပင်ဟူ၍ဖြစ်သည်။

အထက်ပါအယူအဆသည်ယုတ္တိမတန်ချေ။
အဖိုဗီဇသန္တေရှိပြီးဖြစ်သောထန်းစေ့သည်
ထန်းမပင်ဖြစ်လာနိုင်မည်မဟုတ်ပါချေ။
ထန်းစေ့ အဖိုအမပြဿနာနှင့်ပက်သက်၍
စာရေးသူလေ့လာတွေ့ရှိသမျှကိုဆက်လက်တင်ပြလိုပါသည်။
သဘာဝယုတ္တိကျမကျဝေဖန်သုံးသပ်ရန်မှာမူ
စာရှုသူ၏တာဝန်သာဖြစ်ပါသည်။

ထန်းသီးလုံးတစ်လုံးတွင်
ထန်းသီးဆန်(စေ့)တစ်မြွှာမှသုံးမြွှာအထိရှိသည်။
ဒေသသုံးအခေါ်အဝေါ်အရတစ်ဆန်အိမ်၊နှစ်ဆန်အိမ်၊
သုံးဆန်အိမ် ဟူ၍ဖြစ်သည်။
လေးဆန်အိမ်တည်ရှိသောထန်းသီးလုံးများလည်း
ရှားရှားပါးပါးတွေ့ရတတ်သည်။
ထန်းပင်၏မျိုးဗီဇက်ုလိုက်၍ထွန်းလာခြင်းဖြစ်သည်။

ရင့်မှည့်စပြုနေသောထန်းသီးလုံးတစ်လုံး၏
အဆန်မြွှာများကိုဓားဖြင့်ခွဲစိတ်လိုက်ပါက
အဆန်မြွှာကလေးများတွင်အတွင်းမှထန်းစေ့ကို
အပေါ်မှအသားဖတ်များ
ဖုံးအုပ်လျက်ပင်ရှိနေသေးကြောင်းတွေ့ရပေမည်။
ထိုအသားဖတ်များကို ဓားနှီးပါးဖြင့်စဉ်းထုတ်ပစ်ပါက
အတွင်း၌မာကျောသောထန်းစေ့ကိုတွေ့ရပေမည်။
ထိုထန်းစေ့ကိုလေ့လာကြည့်ရှုခြင်းဖြင့်
အဖိုဆန်၊အမဆန်ခွဲခြားသိရှိနိုင်မည်ဖြစ်ပါသည်။

ထန်းစေ့တွင်
``ကျောဘက်ပိုင်း´´နှင့်``ဝမ်းဗိုက်ပိုင်း´´ဟူ၍ရှိသည်။
ကျောဘက်ပိုင်းသည်ခုံးနေပြီး
ဝမ်းဗိုက်ပိုင်းသည်ချိုင့်ဝင်၍နေ၏။
ထန်းစေ့၏ချွန်နေသောအပိုင်းသည်
အညှောင့်ထွက်သည့်နေရာဖြစ်သည်။
ထိုအညှောင့်ထွက်ရာနေရာ၏
အခြားတစ်ဘက်ရှိဝမ်းဗိုက်ပိုင်းတွင်
အမွေးများရစ်ဝိုင်းနေသော`` ချက်´´ တစ်ခုပါရှိသည်။
ထန်းစေ့တိုင်းလိုလိုတွင်တွေ့ရတတ်ပါသည်။
ထိုထန်းစေ့၏`` ချက် ´´ကို ဂရုစိုက်၍ကြည့်ပါ။
``ချက်´´ သည်အတန်ငယ်ကြီးထွားနေပါက
``အမစေ့´´ဖြစ်သည်။
``ချက်´´အနေအထားသည်
ပါရုံမျှပါလျှင်ဖြစ်စေ၊လုံးဝမတွေ့ရလျှင်ဖြစ်စေ
ထိုထန်းစေ့သည်``အဖိုစေ့´´ဖြစ်ပါသည်။

ပုဂံညောင်ဦးမြို့နယ်လက်ထုပ်အုပ်စုညောင်လှရွာနေ
ဝါရင့်ထန်းလုပ်သားကြီးဦးအေးမောင်သည်ထန်းစေ့များကို
အထက်ပါနည်းအတိုင်းမှတ်သား၍စိုက်ပျိုးခဲ့ဖူးပါသည်။
ချက်အနေအထားကြီးသောထန်းစေ့များကိုသာရွေးချယ်၍
စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ်ကစိုက်ပျိုးထားခဲ့သော
ထန်းပင်များသည် ၁၃၄၁ ခုနှစ်တွင်``ထွက်ထန်း´´များ
ဖြစ်လာတော့သည်။
ထိုထန်းပင်များကားထန်းမပင်များပင်ဖြစ်ပါသည်။

ဤကဲ့သို့ အနှစ် ၂၀ လုံးလုံးစောင့်စားပြီး
လေ့လာမှတ်သားရသောအလုပ်သည်လွယ်ကူလှသည်
မဟုတ်ပါချေ။
ယခုမှဦးအေးမောင်၏ကျေးဇူးကြောင့်ထန်းပင်များကို
လိုအပ်သလိုစိုက်ပျိုးနိုင်ကြပြီဖြစ်ပါသတည်း။

#Source :မောင်လင်းသူ(ညောင်ဦး)

``ထန်းနှင့်ထန်းလုပ်ငန်းဆိုင်ရာသိကောင်းစရာ ´´စာအုပ်

Ref nine emerald threads/net-abkc





Credit- ရေစကြိုသတင်းမီဒီယာ fb