မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ရေစကြိုမြို့နယ်သည် ဒေသ၏ရေမြေ၊ ရာသီဥတုအရ ထန်းပင်ပေါများစွာ ပေါက်ရောက်သည်။ ရေစကြိုမြို့အဝင် လမ်းမကြီးဘေး ဝဲယာတစ်လျှောက်တွင် ထန်းပင်များ အစီအရီပေါက် လျက်ရှိသည်မှာ ရေစကြိုမြို့က ခရီးဦးကြိုနေသည့်အလား ပင်ဖြစ်သည်။ ထို့ကြောင့် ရေစကြိုသားများကမိမိတို့မြို့ကို ထန်းရိပ်ညိုညိုရေစကြိုဟုပင် ဖွဲ့ဆိုခေါ်ဝေါ်ကြသည်။ထန်းပင်ပေါများသော ဒေသဖြစ်ရာ ထန်းရည်ထုတ်ခြင်း၊ ထန်းလျက်ချက်ခြင်းစသည့် ထန်းပင်အခြေပြုစီးပွားရေးလုပ်ငန်းများကို မိသားစုအသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် ရှေးကပင်လုပ်ကိုင်ခဲ့ကြသည်။ထန်းပင်များအကြောင်းထန်းပင်တွင် အဖိုနှင့် အမ (ထန်းဖို၊ ထန်းမ)နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးမှ ထန်းရည်ရနိုင်သည်။ ထန်းဖိုပင်တွင် ထန်းနို့ ချောင်းမှ ထန်းရည်ချိုကိုရပြီး ထန်းမပင်တွင် ထန်းသီးခိုင် မှ ထန်းရည်ချိုကိုရသည်။ ထန်းဖိုပင်မှ ထန်းရည်ကို တပေါင်းလဆန်းမှ ကဆုန်လအထိရနိုင်ပြီး နုရစ်ရည်နှင့် ညှပ်ရည်ဟု နှစ်မျိုးရှိသည်။ ထန်းမပင်မှ ထန်းရည်ကို နယုန်လမှ သတင်းကျွတ်လအထိ ရရှိနိုင်သည်။ထန်းတက်ခြင်းနှင့် ထန်းလျက်ချက်ခြင်းထန်းပင်မှ ထန်းရည်ကို မြေအိုးဖြင့် ချိတ်ဆွဲရယူသည်။ထန်းတက်သမားသည် နံနက် ၆ နာရီခန့်တွင် ထန်းပင် တက်ကာ မြေအိုးကိုချိတ်ဆွဲခဲ့ပြီး ညနေ ၃ နာရီခန့်တွင် နောက်တစ်ကြိမ်တက်၍ ထန်းရည်အိုးသစ်များ လဲလှယ် ချိတ်ဆွဲသည်။ ထို့နောက် နောက်တစ်ရက်နံနက် ၆ နာရီ တွင် ထန်းရည်အိုးများထပ်မံလဲလှယ်ရသည်။ မနက်ပိုင်း ချိတ်ပြီး နေ့လယ်တွင်ဖြုတ်သော ထန်းရည်ကို နံနက်ရည် ဟုခေါ်၍ ညနေချိတ်ပြီး နံနက်တွင်ဖြုတ်သောထန်းရည် ကို ညရည်ဟု ခေါ်သည်။ထန်းရည်ချို မြေအိုးတစ်အိုးစာကို ထန်းလျက်ချက်လျှင် ထန်းလျက် ၂၅ ကျပ်သားခန့်ရသည်။ ထန်းတစ်ပင်လျှင်တစ်ရက်ပျမ်းမျှအားဖြင့် ထန်းရည်ချိုမြေအိုး သုံးအိုးမှ လေးအိုးခန့် ပုံမှန်ရသဖြင့် တစ်ရက်တွင် ထန်းလျက် တစ်ပိဿာခန့်ရလေ့ရှိသည်။ ထန်းရည်ကို ဒယ်အိုးဖြင့် ထန်းလျက်ချက်ကြပြီး တစ်ဒယ်လျှင် ထန်းလျက်နှစ်ပိဿာ ခန့်ချက်နိုင်သည်။ ထန်းရည်တစ်ဒယ်ကို ထန်းလျက်ရရန် နာရီဝက်ခန့်ကျိုချက်ရသည်။ထန်းတက်သမားများဘဝထန်းတက်သမားသည် ထန်းရည်ခံယူရန် တစ်ရက်လျှင် နှစ်ကြိမ် နေ့စဉ်ထန်းပင်တက်ရကာ တစ်ကြိမ်လျှင် အပင် ၄ဝ ခန့်တက်ရသည်။ နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ ၂၅ ပိဿာခန့်လေးသော ယင်းထောင်ကိုထမ်းကာ တစ် ပင်ပြီးတစ်ပင် ပြောင်း၍ တက်ရသည်။ ခြေဗလာ လက် ဗလာဖြင့် ထန်းပင်ကိုတွယ်ဖက်တက်ရသောကြောင့် ထန်း တက်သက်ကြာသော ထန်းတက်သမား၏ လက်ဖဝါး ခြေဖဝါးများသည် အသားမာတက်ကာ လက္ခဏာအရေး အကြောင်းများပင်ပျောက်ကွယ်နေလေ့ရှိသည်။ထန်းသမားမိသားစုထန်းတက်သမားက ထန်းပင်တက်၍ရယူထားသောထန်းရည်များကို ဇနီးသည်က နေ့စဉ်နံနက်မှ နေဝင်အထိ နားချိန်မရှိ ထန်းလျက်ချက်ရသည်။ ထန်းတက်သမား၏သားသမီး ကလေးများအနေဖြင့်လည်းဖခင်က ထန်းပင် တက်ရာတွင် အဆင်သင့်ဖြစ်ရန်အပင်ခြေရင်းတွင်မြေအိုး လွတ်များ ချထားပေးခြင်း၊ ဖြုတ်ယူခဲ့သော ထန်းရည် အိုးများကို လိုက်လံသိမ်းဆည်းကာ ထန်းလျက်ချက်မည့် မိခင်ထံ ပို့ပေးခြင်း၊ ထန်းရည်ချိုအိုးများကို ဆေးကြော ပြီး အချဉ်မပေါက်စေရန် အိုးဖုတ်ခြင်းတို့ကိုနေ့စဉ်ပြုလုပ် ရသည်။ သားဖြစ်သူသည် ၁၅ နှစ်အရွယ်ခန့်တွင် ထန်းပင်စတက်ရ၍ သမီးဖြစ်သူသည် ၁၃ နှစ်အရွယ်ခန့် တွင် ထန်းလျက်စတင်ချက်ကာ မိဘ၏လုပ်ငန်းအမွေကို ဆက်လက်ခံယူလေ့ရှိကြသည်။ထိုသို့ တစ်မိသားစုလုံး အပင်ပန်းခံလုပ်ကိုင်ကြပြီး ရရှိ လာသော ထန်းလျက်များကိုထန်းလျက်ပွဲရုံများသို့ သွား ရောက်ရောင်းချခြင်းဖြင့် ထန်းပေါ်သောရာသီတွင် ထန်း သမားမိသားစု စားဝတ်နေရေး အဆင်ပြေကြသည်။ သို့သော် ထန်းရည်မရသည့် အချိန်များတွင်မူ ထန်းရွက် ထန်းလက်ဖြင့် ဦးထုပ်များ၊ ကုလားထိုင်များ ပြုလုပ် ရောင်းချပြီး ဝင်ငွေရှာကြရသည်။ သို့သော် စားဝတ်နေ ရေးအတွက် လုံလောက်မှုမရှိသဖြင့်ရေစကြိုမြို့ပေါ်ဈေးဆိုင်များမှထန်းပေါ်ပေးအနေဖြင့် ဆန်၊ ဆီ၊ ဆားနှင့် ငါးပိများကို အကြွေးယူ စားသောက်ကြရသည်။ထန်းပေါ် ချိန်ရောက်လျှင်ထန်းလျက်ရောင်းရငွေများဖြင့် ယူထား သောပစ္စည်းများအား အကြွေးပြန်ဆပ်ကာအကြွေး သံသရာလည်နေတော့သည်။ထန်းလုပ်သားများအလုပ်ပြောင်းယခုနှစ်များတွင်ထန်းလျက်ချက်ရန်ထင်းဈေးနှုန်းများ မြင့်တက်လာသဖြင့် ဒေသအခေါ် လေဖိုဟုခေါ်သော သစ်ရွက်အမှိုက်များ၊ စပါးခွံမီးဖိုများ၊ ပြောင်းရိုးများစသည်တို့ကို မီးဆိုက်ရသည့် မီးဖိုများအသုံးပြုကြရသည်။ ထိုသို့ကုန်ကျစရိတ်ဘက်မှ တက်လာသော်လည်း ထန်း လျက်ဈေးမှာ တစ်ပိဿာငွေကျပ် ၈ဝဝ ခန့်နှုန်းမှ မတက် သဖြင့် အမြတ်ရမှုလျော့နည်းလာကြသည်။ထို့ကြောင့် ထန်းတက်သမားလူငယ်အများစုသည် ထန်းသမားဘဝကိုစွန့်လွှတ်ကာ အခြားအလုပ်အကိုင် များ ပြောင်းလဲလုပ်ကိုင်လာကြသဖြင့် ထန်းလုပ်သား များလျော့ပါးလျက်ရှိသည်။ ရေစကြိုမှ ထန်းတက်သမား လူငယ်လေးများသည်မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများလာကြပြီး ရခိုင်ပြည်နယ်ဘက်သို့သွားကာ ကုန်မျိုးစုံကိုအထမ်းဖြင့်လည်းကောင်း၊ ဆိုင် ကယ်ဖြင့်လည်းကောင်း လှည့်လည်ရောင်းချသည့်အလုပ် များ ပြောင်းလုပ်နေကြသည်။ထန်းတစ်ပင်လုံး အသုံးမဝင်သည်မရှိရေစကြိုမြို့နယ်ရှိ ထန်းတောများသည် နှစ်ပေါင်း ရာကျော်သက်တမ်းရှိရာ ဘိုးဘွားအမွေအနှစ် ထန်းပင် များဖြစ်ကြသည်။ ထန်းပင်သည် တစ်နှစ်လျှင် ကြက်မ တစ်ဝပ်စာခန့်သာကြီးပြီး စတင်စိုက်ပျိုးချိန်မှ ၁ဝ နှစ် အကြာတွင် ထန်းရည်စတင်ရရှိသည်။ ထန်းရည်ရနိုင် သည့် အနိမ့်ဆုံးအပင်သည် ၁၅ ပေခန့်မြင့်ပြီးအမြင့်ဆုံး အပင်မှာ ပေ ၈ဝ ခန့်ရှိသည်။ထန်းပင်တစ်ပင်လုံးတွင် အသုံးမဝင်သည့်နေရာဟူ၍မရှိဟုပင်ဆိုနိုင်သည်။ ထန်းလက်ဖြင့် ကုလားထိုင်လုပ် ရောင်းချနိုင်ပြီး ထန်းရွက်များကိုအိမ်အမိုးများအဖြစ် သုံးကြသည်။ ထန်းမပင်များမှ ထန်းသီးကို ခုတ်ယူရောင်း သည်။ နတ်တော်လသို့ရောက်လျှင် ထန်းမြစ်များ တူးဖော် ရောင်းချကြသည်။ ထန်းရည်ချိုကို ထန်းလျက်ချက်ပြီး ရောင်းသလို အချဉ်ဖောက်ကာ ထန်းရည်ခါးအဖြစ်လည်း ရောင်းသည်။ ရေစကြိုမြို့ပေါ်တွင် ထန်းရည်ခါးဆိုင်၁၄ ဆိုင်ခန့်ရှိပြီး ထန်းရည်ခါးသောက်သူလည်း များသည်။ မြေအိုးတစ်လုံး (တစ်မြူ)လျှင် ကျပ်ငါးရာခန့်ရရှိသဖြင့် ထန်းရည်ပေါ်ချိန်တွင် ထန်းသမားတို့ အဆင်ပြေကြသည်။သက်တမ်းရင့်သောထန်းပင်မှ ထန်းသားသည် သစ်မာ သားကဲ့သို့ ပျဉ်တိုက်၍ အသုံးပြုနိုင်သဖြင့် နှစ်ရှည်ထန်း ပင်မြင့်များကိုခုတ်လှဲပြီး သစ်အစားထိုးအိမ်ဆောက်ကြ သည်။ အိမ်ဆောက်ရာတွင်အသုံးများသောသစ်ဖြစ်သည့် အင်သားထက် ဈေးနှုန်းသက်သာသည့်အပြင် အင်သား သည်အရှည် ၁၂ တောင်ခန့်သာရခြင်းနှင့် ထန်းသားက အရှည် ၁၈ တောင်အထိရနိုင်ခြင်း၊ထန်းသားရင့်ပါက အင်သားထက်ပင် နှစ်ရှည်အသုံးခံနိုင်ခြင်းတို့ကြောင့် လူကြိုက်များသည်။ ပိုးထိုးခြင်း၊ ခြစားခြင်းမရှိဘဲ မိုးလုံ လေလုံအသုံးပြုပါက နှစ်ပေါင်းရာချီအထိခံနိုင်ကြောင်း နှင့် ရေထဲတွင်သုံးပါကဆယ်နှစ်ခန့်သာခံနိုင်ကြောင်း သိရ သည်။ ထန်းပင်ပိုင်ရှင်များသည် မိမိတို့၏ နှစ်ရှည်ထန်းပင်ကြီးများကို အတောင် ၅ဝ မှ ၆ဝ ခန့်အထိ တစ်ပင်ငွေကျပ် ၁၂ဝဝဝ ဖြင့်လည်းကောင်း၊ အတောင် ၃ဝ မှ ၄ဝ ခန့်အထိ တစ်ပင်ကျပ် ၇ဝဝဝ ဖြင့်လည်းကောင်းရောင်းချကြသည်။ရေစကြိုမြို့နယ်မှ ထန်းပင်များရေစကြိုမြို့နယ်တွင် ထန်းပင်အရေအတွက်ခုနစ်သိန်း နီးပါးရှိကြောင်းနှင့် ထန်းရည်ချိုထွက်သည့် အရွယ်ရောက် ထန်းပင် ခြောက်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ စိုက် ဧကအနေဖြင့် ၆၄ဝဝ ကျော်ရှိပြီး အသုံးပြုဧက ၆ဝဝဝ ကျော်ရှိသည်။ ရေစကြိုမြို့နယ်တွင်းရှိ ထန်းပင်များသည် ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးခဲ့သော နှစ်ရှည်ပင်များဖြစ် သည်။ ထိုထန်းပင်များကို ခုတ်လှဲရောင်းချနေသော်လည်း အသစ်စိုက်ပျိုးမှုမှာ နည်းပါးသဖြင့် ယခုနှုန်းအတိုင်းနေ့စဉ်ခုတ်ယူနေပါက နောင်နှစ်အနည်းငယ်အတွင်း ရေစကြိုမြို့မှ ထန်းတောကြီးများပျောက်ကွယ်သွားနိုင်ဖွယ် ရှိသည်။ပွဲရုံလုပ်ငန်းများယခုအခါ ထန်းတက်သမား ရှားပါလာသည့်အတွက် ထန်းတက်မည့်သူများမရှိတော့ခြင်းနှင့်ထန်းပင်များကို ခုတ်လှဲရောင်းချသော်လည်း အပင်သစ်စိုက်ပျိုးမှုမရှိ တော့သဖြင့် ထန်းပင်များလျော့နည်းလာခြင်းတို့ကြောင့် ထန်းလျက်အထွက်နှုန်း လျော့ကျလျက်ရှိနေသည်။ရေစကြိုမြို့တွင် ထန်းလျက်ပွဲရုံ ၁၅ ရုံခန့်ရှိကာ ပွဲရုံများသို့ ထန်းလျက်အဝင်နှုန်းမှာတစ်နှစ်ထက်တစ်နှစ် လျော့ နည်းနေသည်ဟု သိရသည်။ထိန်းသိမ်းကာကွယ်သင့်ထန်းပင်များခုတ်လှဲရောင်းချ၍ ထန်းတောကြီးများပျက်သုဉ်းသွားပါက မြို့၏သဘာဝစိမ်းလန်းစိုပြည်ရေးကို များစွာထိခိုက်စေနိုင်သလို သဘာဝရာသီဥတု ဂေဟစနစ် ကိုလည်း ပျက်စီးစေနိုင်သဖြင့်ရေစကြိုမြို့နယ်မှ ထန်းပင် ထန်းတောကြီးများမပျက်စီး၊ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန် လိုအပ်လျက်ရှိနေသည်။ ။
( Credit;Myanmaalin Facebook)